အင်းလေး ဒေသခံလူငယ်များကို PDF စွပ်စွဲပြီး ပျူစောထီးနှင့် စစ်ကောင်စီတို့ လိုက်လံဖမ်းဆီးနေ

0
222

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း နေထိုင်သည့် လူငယ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ချိတ်ဆက်သည်ဟု စွပ်စွဲပြီး စစ်ကောင်စီမှ နေ့စဥ်ဆက်တိုက် ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းနေကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်မှစပြီး ယနေ့ထိ အင်းလေးဒေသခံအတွင်းရှိ ဒေသခံပြည်သူများကို ပျူစောထီးနှင့် စစ်ကောင်စီတို့ ပူပေါင်းပြီး အသက် ၁၈ နှင့် ၃၅ နှစ်ကြား လူငယ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ဆက်စပ်သည်ဟု စွပ်စွဲပြီး လိုက်လံဖမ်းဆီးနေကြောင်း အင်းလေးဒေသခံ အသက် ၂၀ နှစ်အရွယ်ရှိ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖမ်းဆီးခံရသူမှာ အင်းလေးဒေသအတွင်းရှိ တောင်ပို့ကြီး၊ သပြေပင်ရွာ၊ အင်းတိန်နှင့် တုံးလည်ရွာမှ ဒေသခံများဖြစ်ကြောင်း သိရသည်။

“ပျူစောထီးက လမ်းပြပေးပြီး စစ်ကောင်စီက လိုက်ဖမ်းတာဗျ။ အင်းထဲက PDF ကို ဖော်ထုတ်ခိုင်းဖို့အတွက် ဖမ်းသွားတယ်။ ပြန်ပေးဆွဲတဲ့ ပုံစံမျိုးပေါ့ဗျာ။ အဲ့ထဲမှာ အမျိုးသမီး ၂ ယောက်ပါတယ်။ ကျန်တာတော့ လူငယ်၊ လူလတ်ပိုင်းတွေဗျာ။ အခုထိ အကုန်ပြန်မလွှတ်လာသေးဘူး“ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိမှာ တောင်ပို့ကြီး ရွာမှ (၃၂) ဦး၊ သပြေပင်ရွာ (၅) ဦး၊ တုံးလည်ရွာ (၂) ဦးနှင့် အင်းတိန်တွင် ဆရာတော်တစ်ပါး နှင့် ကျောင်းဝေယာဝိစ္စ လုပ်ပေးသူ (၂) ဦး ဖြစ်ကြောင်း ၎င်းတို့ကို ညောင်ရွှေအချုပ်ခန်းတွင် ထားရှိကြောင်း သိရသည်။

အင်းထဲတွင် ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ ပူးပေါင်းပြီး လိုက်လံဖမ်းဆီးလာသည့်နောက်ပိုင်း တချို့လူငယ်သည် နေ့ဘက်တွင် အိမ်ပြင်မထွက်ရဲ၊ ညဘက်တွင်လည်း လမ်းဘေးမီးမဖွင့်ရဲကြောင်း အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“စစ်ကောင်စီက တစ်အိမ်တက် တစ်အိမ်ဆင်းပြီး လိုက်လံစစ်ဆေးနေတယ်ဗျာ။ မှတ်ပုံတင်ကို စစ်ဆေးတာဗျာ။ ကျနော်ဆို အခုထိ အိမ်ပြင်မထွက်ရဲသေးဘူးဗျာ။ ညဘက်ဆိုရင်လည်း လမ်းဘေးမီးမဖွင့်ရဲဘူး။ ဘော်ဒါဆွဲခံရမှာ ကြောက်တယ်“ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင် အင်းလေးဒေသမှာ ပြည်သူ့စစ်ဝင်ရန် တစ်ယောက်ကို ကျပ်ငွေ ၁ သိန်းခွဲနှင့် ဆန်အိတ်တစ်အိတ် ထောက်ပံ့ကြေးပေးကာ စစ်ကောင်စီက ခေါ်ဆောင်ဖူးကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here