ဟင်္သာတမြို့နယ်အတွင်း စစ်ကောင်စီ သတင်းပေးတစ်ဦး အနီးကပ် ပစ်သတ်ခံရ

0
177

စစ်ကောင်စီ သတင်းပေးတစ်ဦး ဆိုင်ကယ်မောင်းနေစဉ် ဟင်္သာတမြို့နယ်အတွင်း ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

အင်္ဂပိုကျေးရွာအုပ်စု၊ သဲကုန်းကြီးကျေးရွာအနီး ဟင်္သာတ-မြို့ကွင်း ကားလမ်းဘေး မိုင်တိုင်အမှတ် (၁၀/၆) နှင့် (၁၀/၇) အကြားတွင် သေနတ်နှင့်အနီးကပ် ပစ်ခံရခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက “သေနတ်နဲ့ အနီးကပ် ပစ်သွားတာ။ သေနတ်မှန်ထားတာ ၇ ချက်တောင်။ ပွဲချင်းပြီးပဲ။ အလောင်းကို ချက်ချင်းသယ်သွားတယ်” ဟု ပြောသည်။

သေနတ်ဖြင့် ပစ်ခံပြီးသေဆုံးသွားသူမှာ တလုတ္ထော် ကျေးရွာ အမှတ် (၂) ရပ်ကွက်တွင် နေထိုင်သူ ဦးကျော်လွင်ဆိုသူ ဖြစ်သည်။

ဦးကျော်လွင်မှာ ဇန္နဝါရီလ ၁ ရက်နေ့၊ နံနက် ၈ နာရီခန့်က ပစ်ခံရခြင်းဖြစ်သည်ဟု ဒေသခံများက အတည်ပြုသည်။

ဦးကျော်လွင်သည် မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ငွေကြေးတောင်းခံ၍ လောင်းကစားဝိုင်းများကို ဦးဆောင်ပြုလုပ်နေသူတစ်ဦးဖြစ်သည့်အပြင် ၎င်း၏ သတင်းပေးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ အများအပြားရှိနေသည်ဟု တလုတ္ထော် ရွာသားတစ်ဦးက ပြောသည်။

အသက် ၅၀ ကျော်အရွယ် သဲကုန်းကြီး ရွာသားတစ်ဦးက “CDM ဝန်ထမ်းတွေကို စစ်သားနဲ့ရဲတွေဆီ သတင်းပေးဖမ်းခိုင်းတယ်။ သူက အမှုပွဲစားလုပ်ပြီး ငွေတောင်းတာ ပေးနိုင်ရင်လွတ်ပြီး မပေးနိုင်တဲ့သူတွေက အခုထိ အချုပ်ထဲ ထောင်ထဲမှာ တစ်ပို့တည်းသမား” ဟု ပြောသည်။

ဦးကျော်လွင် သေနတ်ဖြင့် ပစ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဟင်္သာတ-မြို့ကွင်း ကားလမ်းတစ်လျှောက်၊ တလုတ္ထော်ကျေးရွာအတွင်းနှင့် ဟင်္သာတမြို့ အဝင်/အထွက်တို့ကို စစ်ဆေးမှုများ တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေသည်ဟု ဒေသခံများကပြောသည်။

ဒေသခံလူငယ်တစ်ဦးက “မသက်ဆိုင်တဲ့ ဒေသခံတွေကို ရိုက်နှက်တာ ဖမ်းဆီးတာတွေလုပ်မှာကို စိုးရိမ်တယ်” ဟု ပြောသည်။

၂၀၂၃ ခုနှစ်သည် တော်လှန်ရေး၏ အဆုံးအဖြတ်ကာလဖြစ်သည်ဟု NUG အစိုးရက ကြေညာထားပြီး ယခုဖြစ်စဥ်သည် ဧရာဝတီတိုင်းတွင် နှစ်သစ်၏ အစောဆုံး Mission တစ်ခုအနေဖြင့် စစ်ကောင်စီထောက်တိုင်တစ်ဦး သုတ်သင်ရှင်းလင်းခံရခြင်း ဖြစ်သည်။

သို့သော် စစ်ကောင်စီသတင်းပေး ဦးကျော်လွင်အား မည်သည့်အဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ကိုမူ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုထားခြင်းမျိုးကိုလည်း မတွေ့ရသေးပေ။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here