ရေစကြိုတွင် ရဲစခန်း အတိုက်ခံရပြီး ရဲမေတစ်ဦး သေဆုံး

0
173

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးရဲစခန်း တိုက်ခိုက်ခံရပြီး ရဲမေတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုက ဒီဇင်ဘာလ ၃၁ ရက်နေ့၊ နံနက် ၅ နာရီဝန်းကျင်အချိန်ခန့်က ပခန်းကြီးရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ခံရာ ရဲစခန်းအတွင်းမှ ရဲမေတစ်ဦး သေဆုံးသွားသည်ဟု ပကခ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုက တာဝန်ရှိသူက “ကျနော်တို့ မနက် ၅ နာရီ ကတည်းက ဝင်ပစ်တာ။ ၇ နာရီထိပဲ။ သူတို့ဘက်က တပ်ကူတွေကိုလည်း ပဒေသာမိုင်းတွေနဲ့ ဖြတ်တိုက်တယ်။ သူတို့က အင်အားများတော့ ပြန်ဆုတ်ခဲ့ရတယ်” ဟု ပြောသည်။

ပခန်းကြီးရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်း ပစ်ခတ်ချိန်တွင် စစ်ကောင်စီတပ်သားများကလည်း လက်နက်ကြီး/ငယ်များဖြင့် ပြန်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့သို့ ပြန်လည်ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအတွင်းက ပြည်သူတစ်ဦး ခြေထောက်ကို ကျည်ထိမှန်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ခြေထောက်ကျည်ထိမှန်သည့် ဒေသခံမှာ ရွာခံအမျိုးသမီးတစ်ဦးဖြစ်ပြီး ဆေးကုသမှု ခံယူနေရသည်ဟု ဆိုသည်။

ပခန်းကြီးရဲစခန်း တိုက်ခိုက်ခံရမှုအတွင်း ရဲမေတစ်ဦး တိုက်ပွဲတွင် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်က အထိအခိုက်တစ်စုံတစ်ရာ မရှိခဲ့ဘူးဟု ဆိုသည်။

ပခန်းကြီး ရဲစခန်းနှင့် ဂွေးချို ပျူစောထီးကျေးရွာက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံတပ်ဖွဲ့များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒီဇင်ဘာလ ၃၁ ရက်နေ့ (ယမန်နေ့)၊ နံနက်ပိုင်းတွင် တပြိုင်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ)၊ Salingyi Special Tesk Force (SSTF)၊ မြိုင် ပ.ကဖ တပ်ရင်း (၂) ၊Myanmar Royal Dragon Army (MRDA) ပခုက္ကူခရိုင်တပ်ရင်းအမှတ် (၉) အစရှိသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

အလားတူ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင်လည်း ရေစကြိုမြို့နယ်၊ ပခန်းကြီးရဲစခန်း စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းနှင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

ရေစကြိုမြို့နယ်သည်လည်း မကွေးတိုင်းအတွင်းက အခြားသော မြို့နယ်များနည်းတူ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ နေအိမ်ရပ်ရွာများကို မီးရှို့မှုခံနေရသည့် မြို့နယ်တစ်မြို့နယ်ဖြစ်သည်။

၂၀၂၂ ခုနှစ်၏ နိုင်ဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း အိမ်အလုံးရေ ၁၆၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here