စစ်ကောင်စီ၏ ဟင်္သာတ ထောင်တွင်းတရားရုံးက CDM ကျောင်းဆရာတစ်ဦးကို သေဒဏ်ချမှတ်လိုက်သည်ဟု ဟင်္သာတ အကျဥ်းထောင်အသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။
ဧရာဝတီတိုင်း၊ ဟင်္သာတ ထောင်တွင်းတရားရုံးတွင် မြန်အောင်ခရိုင် တရားသူကြီး ဦးဝင်းထွဋ်အောင်က မြန်အောင်မြို့နယ် ထိပ်ပုတ်ကုန်း အထက (ခွဲ) မှ မူလတန်းပြဆရာ ဦးကောင်းခန့်ကျော်ကို သေဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု အကျဥ်းထောင်နှင့် နီးစပ်သူများက ပြောသည်။
မြန်အောင်မြိုခံတစ်ဦးက “သပြေကုန်းရွာက စစ်ကောင်စီသတင်းပေး ဂျပ်ကြီးကို သတ်တယ်ဆိုပြီး အဖမ်းခံရတာ။ ဘာသက်သေအထောက်အထားမှလည်း မရှိဘူး။ မတရား အမိန့်ချခံရတာလေ။ ဘာခုခံချေပခွင့်မှလည်း မရဘူး။ CDM ဝန်ထမ်းဆိုတာနဲ့တင် အမြင်ကပ်ပုဒ်မပေါ့” ဟု ပြောသည်။
မူလတန်းပြဆရာ ဦးကောင်းခန့်ကျော် သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့က သပြေကုန်းကျေးရွာမှ စစ်ကောင်စီ သတင်းပေးအဖြစ် နာမည်ကြီး နေသည့် ဝင်းညွန့်အောင် (ခ) ဂျပ်ကြီးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲကာ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အသက် ၅၀ ကျော်အရွယ် ဒေသခံတစ်ဦးက “ဆရာလေးနဲ့အတူ ဇလုပ်ကြီးက CDM ရပ်ကျေးစာရေး နိုင်လင်းအောင်လည်း အတူ အဖမ်းခံရတာ။ သူတို့ဆင်ထားဇာတ်အတိုင်း အတူကျူးလွန်တယ်ဆိုပြီးပေါ့။ နှိပ်စက်တာ မခံနိုင်တဲ့အဆုံး လုပ်ပါတယ်လို့ ဝန်ခံလိုက်ကြရတာရှိမှာပေါ့” ဟု ပြောသည်။
မြန်အောင် ခရိုင်တရားရုံးတွင် ကျောင်းဆရာ ဦးကောင်းခန့်ကျော်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂-၁/ခ ဖြင့် အမှုစွဲဆိုခဲ့ပြီး ကိုနိုင်လင်းကျော်ဆိုသူအား ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၂၁၂ ဖြင့် တရားစွဲဆိုခံရခဲ့ခြင်း ဖြစ်သည်ဟု မြန်အောင်မြို့ခံ ရှေ့နေတစ်ဦးက ပြောသည်။
မြန်အောင်မြို့ခံရှေ့နေက “တစ်နှစ်ကျော်အကြာမှာ ကျောင်းဆရာလေးကို သေဒဏ်ချလိုက်တာ။ ရပ်ကျေးစာရေးကိုတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၄ နှစ်ချလိုက်တာပေါ့” ဟု ပြောသည်။
သေဒဏ်ချမှတ်ခံရသည့် CDM မူလတန်းပြကျောင်းဆရာ ဦးကောင်းခန့်ကျော်အား အမိန့်ချသည့် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာပင် ၎င်းကို ဟင်္သတအကျဉ်းထောင်မှ ပုသိမ်အကျဉ်းထောင်သို့ ချက်ခြင်းပြောင်းရွှေ့လိုက်သည်ဟု အကျဥ်းထောင်ဝန်ထမ်းအချို့၏ အတည်ပြုပြောပြချက်အရ သိရသည်။
ဧရာဝတီတိုင်းအတွင်းရှိ အကျဉ်းထောင် ၅ ခုတွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဥ်းသားဦးရေ ၁၄၀၀ ကျော်ခန့်ရှိသည်ဟု နိုင်ငံရေးအကျဥ်းသားများ ထောက်ပံ့ကူညီရေးကွန်ရက် အဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောသည်။
အကျဉ်းသားများကို ဧရာဝတီတိုင်းအတွင်းက ခရိုင်အဆင့် မြို့များဖြစ်သည့် ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ မြောင်းမြနှင့် ဖျာပုံမြို့တို့ရှိ အကျဉ်းထောင်များအပြင် ရဲဘက်စခန်း ၁၀ ခုခန့်ရှိရာ အဆိုပါ ရဲဘက် အလုပ်စခန်းများတွင်လည်း ထောင်ကျအကျဉ်းသားများထားရှိသည်ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူများက ပြောသည်။
NMG – ပေးပို့သည်။