မကွေးတိုင်း ရေစကြိုမြို့နယ်က ပြည်သူပိုင်နေအိမ် (၁၆၀) ကျော်ကို စစ်ကောင်စီတပ်တွေက နှစ်လအတွင်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ပခုက္ကူ-မန္တလေး အောင်မိုးလမ်းဆုံက စားသောက်ဆိုင်ကြီး (၂) ဆိုင်အပါအဝင် ကျေးရွာ (၁၂) ရွာက နေအိမ် (၁၆၂) လုံးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ (၇) ရက်နေ့ကနေ ဒီဇင်ဘာလ (၂၆) ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ နယ်မြေရှင်းလင်းရေး လုပ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကြောင်း ထိုးဝင်ရောက်လာပြီး ပြည်သူပိုင် ပစ္စည်းတွေကို လုယက်တာ၊ အိမ်မွေးတိရိစ္ဆာန်တွေကို ချက်ပြုတ်စားသောက်တာတွေအပြင် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်တာတွေ လုပ်ဆောင်ခဲ့တာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၉) ရက်နေ့ကလည်း ဆင်းချောင်းရွာ၊ဟင်္သာရွာတို့က ပျူစောထီးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်သားတွေဟာ ရေစကြိုမြို့နယ်၊ ပခန်းငယ်ရွာကို သေနတ်ပစ်ဖောက် ဝင်ရောက်ခဲ့ပါသေးတယ်။
အဲဒီလိုဝင်ရောက်လာချိန်မှာ ပြည်သူပိုင်အိမ် (၅) လုံးကို ဖောက်ထွင်းပြီး တန်ဘိုးကြီးပစ္စည်း၊ ပရိဘောဂပစ္စည်း၊ စက်ပစ္စည်းတွေနဲ့ အဝတ်အထည် စားသောက်ကုန်ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီက ဆင်ခြေယာရွာက နေအိမ် (၃) လုံး၊ မြေစွန်းတော်ရွာက (၂) လုံး၊ မာလကာခြံရွာက နေအိမ် (၁၇) လုံး၊ ငါးမြာကြီးရွာက နေအိမ် (၅) လုံး၊ ဗြိဘ အနောက်ရွာက နေအိမ် (၇၄)၊ ပိတ်သင်းကပ်ရွာက နေအိမ် (၁၁) လုံး၊ သစ်ခေါက်ဆိပ်ရွာက နေအိမ် (၁) လုံး၊ ထန်းပင်ချောင်းရွာ ကနေအိမ် (၂၉) လုံး၊ ရွာသာအေးရွာက နေအိမ် (၃) လုံးတို့ကို မီးရှို့ဖျက်ဆီးထားတယ်လို့ သိရပါတယ်။
မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ပြည်သူတွေကို ထောက်ပံ့ကူညီနိုင်ဖို့ ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ)၊ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တို့က ဦးဆောင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သက်ဆိုင်ရာဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပက အလှူရှင်တွေနဲ့ ရေစကြိုမြို့နယ် ပြည်သူ့လုံခြုံရေး (ပ.လ.ဖ) ရပ်/ကျေး (ပ.အ.ဖ) အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူတွေရဲ့ နေအိမ်ပေါင်း (၃၈၃၈၃) လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းက (၂၇၄၉၆) လုံးနဲ့ အများဆုံးဖြစ်ကာ မကွေးတိုင်းက (၇၈၁၈) လုံးနဲ့ ဒုတိယအများဆုံဖြစ်တယ်လို့ Data for myanmar ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သူတို့ကို ဆန့်ကျင်နေတဲ့သူတွေကို နည်းမျိုးစုံသုံးပြီး ဖမ်းဆီးသတ်ဖြတ်နေတဲ့အပြင် ခုခံတော်လှန်စစ်ဆင်နွှဲနေတဲ့ဒေသက ကျေးရွာတွေကို အဆက်မပြတ် မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
သံလွင်တိုင်းမ် – ပေးပို့သည်။