စစ်ကောင်စီစစ်ကြောင်းကို ကလေး PDF မိုင်းဆွဲ တိုက်ခိုက်

By MPM 22 ဒီဇင်ဘာ, 2022 👁

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ အင်အား ၁၀၀ ခန့်ကို ကလေး PDF မှ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ရာ စစ်သား အနည်းဆုံး ၅ ဦး ထိခိုက်မှုရှိခဲ့ပြီး အရပ်သား သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးလည်း ထိမှန်သေဆုံးမှုရှိခဲ့သည်ဟု ကလေး PDF အဖွဲ့က ပြောသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့၌ ကလေးမြို့၊ သုံးအိမ်စုကျေးရွာသို့ စစ်ကြောင်းထိုးလာခဲ့ရာ ကလေး PDF အဖွဲ့က ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦး ထိခိုက်မှုရှိနိုင်သည်ဟု တာဝန်ရှိသူများက ပြောသည်။

ကလေး PDF မိုင်းအဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက “ကျနော်တို့ဘက်ကတော့ ထိခိုက်မှု မရှိဘူး။ အကုန်လုံး ဆုတ်နိုင်လိုက်တယ်။ သူတို့ လိုက်ပစ်တာနဲ့ ဆုတ်လိုက်ရတာပေါ့။ ရွာထဲမှာက ပြည်သူတွေလည်း ကျန်သေးတယ်ဆိုတော့ ပစ်လို့မရဘူးလေ” ဟု ပြောသည်။

ယခု ကလေး PDF အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့သည့် အဆိုပါစစ်ကြောင်းသည် ကလေးမြို့၊ တောင်သာရပ်ကွက်မှ သုံးအိမ်စုကျေးရွာဘက်သို့ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် စစ်ကြောင်းထိုးလာသော စစ်ကြောင်းဖြစ်ပြီး စက္ကန့်ကျေးရွာတွင် တစ်ညအိပ်ရပ်နားခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့ မိုင်းဆွဲတိုက်ခံရသည့်နေရာတွင် တစ်နာရီကျော်ခန့်အကြာ ရမ်းသန်းပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ ရမ်းသန်းပစ်ခတ်နေမှုများကြောင့် စက္ကန့်ကျေးရွာနှင့် လယ်ကွင်းများသာခြားသည့် နဂါးပွတ်ကျေးရွာမှ အသက် ၇၀ အရွယ် သက်ကြီးရွယ်အို အမျိုးသမီး ၁ ဦး၊ နွား ၁ ကောင် သေဆုံးခဲ့ပြီး ဆိုင်ကယ် ၃ စီး ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် သုံးအိမ်စုကျေးရွာအနီး ဖြတ်သန်းသွားလာသော မြို့ကြီးကုန်းရွာနေ အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်ပြီး ရိုက်နှက်ကာ ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်အချိန်ခန့်တွင် ပြန်လွှတ်ပေးခဲ့သည်ဟု ရွာခံပြည်သူများက ပြောသည်။

ကလေး PDF ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက “မနေ့က အခြေနေနဲ့ဆို ရှောင်ခိုင်းဖို့တောင် မရလိုက်ဘူး။ သူတို့ (စစ်သား) တွေက ရုတ်တရက် ဝင်လာတာဆိုတော့လေ။ လတ်တလော ထုတ်ပြန်ချက်ကတော့ မရှိသေးဘူး။ အမြဲတမ်း သူတို့ဘက်က တိုက်ပွဲဖြစ်နေကြဆိုတော့ နီးစပ်ရာကိုပဲ အမြန်ဆုံး ရှောင်လိုက်တာ” ဟု ဆက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အင်္ဂါနေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် သုံးအိမ်စုကျေးရွာမှ တပ်ဆုတ်သွားပြီးနောက် လက်ရှိ မင်းလှကျေးရွာတွင် တပ်စွဲထားသည်ဟု PDF အဖွဲ့တာဝန်ရှိသူက ပြောသည်။

ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူပိုင်ပစ္စည်းများနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ ရပ်ရွာများထဲ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခြင်း စသည့် လုပ်ရပ်များ မကြာခဏ ပြုလုပ်လျက်ရှိသောကြောင့် ကလေး PDF မှ ၎င်းတို့တပ်စွဲထားသည့် ကျေးရွာတွင် ပြည်သူများ ဘေးလွတ်ရာသို့ ရှောင်ရှားကြရန် သတိပေးထားသည်။

ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ဒီဇင်ဘာလအတွင်း လူနေအိမ် ၂၂ လုံး၊ ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်း၊ စပါးကျည် ၁ လုံး စသည်တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းတို့ ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့၍ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကလေး PDF တာဝန်ရှိသူများက ပြောသည်။

NMG – ပေးပို့သည်။