ကော့ကရိတ်မြို့အနီး တိုက်ပွဲဖြစ်ပွားနေသဖြင့် စစ်ကောင်စီတပ်များက ကားလမ်း အတက်အဆင်း ပိတ်ဆို့ထား

By MPM 16 ဒီဇင်ဘာ, 2022 👁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အနီးရှိ၊ တံတားကျိုးကျေးရွာတွင် ယနေ့ ဒီဇင်ဘာလ (၁၆) ရက် မနက် (၅) နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ၄င်းလမ်းပိုင်းတစ်လျှောက်ကို စစ်ကောင်စီတပ်များက ပိတ်ထားသောကြောင့် ယာဉ်များပိတ်ဆို့နေကြောင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။

မြဝတီ−ကော့ကရိတ်အာရှလမ်း၊ သကင်္န်းညီနောင်အဝင်ဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားလမ်း အတက်အဆင်းများအားလုံးကို ပိတ်ဆို့ထားသလို တိုက်ပွဲဖြစ်ပွားနေသည့် တံတားဦးကျေးရွာ ကားလမ်းတစ်လျှောက်နှင့် ၉ တိုင်လမ်းအထိ ကုန်ကားများ၊ ခရီးသယ်တင်ကားများ အစီရေ (၂၀၀) ကျော်ခန့် ပိတ်ဆို့လျက်ရှိနေကြောင်း ယာဉ်မောင်းတစ်ဦးက ယခုလိုပြောသည်။

“စစ်တပ်ကိုဝင်စီးတာ။ စစ်တပ်ဘက်က အထိနာနေတယ်လို့ ကြားတယ်။ လက်နက်ကြီးသံက အချက်ပေါင်းရေမနိုင်ဘူး။ တံတားကျိုးရွာကနေစပြီးတော့ ကျုံဒိုးထိပဲ။ ၉ တိုင်တို့ ၇ တိုင်တို့ တောက်လျှောက်ကားတွေပိတ်နေတယ်။ ဦးတို့က အခြေအနေမကောင်းတော့ ပြန်လှည့်လာခဲ့တာ။ အဲ့မှာ ရှိတဲ့ကားတွေအကုန်ပြန်လှည့်ကြတယ်။ ကုန်ကားတွေလောက်ပဲ ရပ်နေတယ်။ ကားအစီး (၂၀၀) ကျော်လောက်ပိတ်မိနေတယ်။ သင်္ကန်းညီနောင်ဂိတ်မှာ ကားတွေမပေးဆင်းတော့ဘူး။ ဖားအံတက်လာတဲ့ကားတွေလည်း ပေးမဝင်တော့ဘူး။ စစ်တပ်က အကုန်ပိတ်ထားလိုက်ပြီး” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုကြောင့် ယနေ့ မနက်အစောပိုင်းတွင်လည်း စစ်ကောင်စီဘက်မှ လေယာဉ် (၂) စီးဖြင့် တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ လာရောက်ပစ်ခတ်ခဲ့သလို လေယာဉ်များလည်း တံတားဦးကျေးရွာအနီးရှိ ကောင်းကင်ယံတွင် တောက်လျှောက်ဝဲပျံနေလျက်ရှိကြောင်းလည်း နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

“ဒီမနက်လဲ တိုက်ပွဲကြီးကျယ်ပဲ။ ၅ နာရီခွဲကနေပြီး ၉နာရီထိုးမှပဲရပ်သွားတယ်။ ကိုးတိုင်လမ်းခွဲ ကြာအင်း လမ်းခွဲအောက်ကနေ ၇တိုင်အထိအလုံးကြီးကျတယ်။ ကျောင်းပါတုန်ခါသွားတယ်။လေယာဉ် ၂ စီးနဲ့လာ ပစ်တယ်။ ကောင်းကင်မှာလည်းတောက်လျှောက်လေယာဉ်ဝဲနေတယ်။ကော့ကရိတ်အာရှလမ်းက တောင်ပေါ် တက်တဲ့လမ်း တစ်ခုလည်း မိုင်းထိသွားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်နှင့်ပတ်သက်ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှု အသေးစိတ်ကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး နှစ်ဖက် အဖွဲ့အစည်းဘက်မှလည်း တရားဝင် ထုတ်ပြန်လာခြင်းမရှိသေးပေ။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ (၁၉) ရက်နေ့တွင်လည်း မြဝတီ−ကော့ကရိတ်အာရှလမ်း တောနော်ရေတံခွန်အနီးတွင် စစ်ကောင်စီတပ်များနှင့် KNLA ပူပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ကုန်တင်ကားများ၊ ခရီးသယ်ယာဉ်များ စသည့် ကားများသည် သင်္ဃန်းညီနောင်အဝင်နှင့် ကော့ကရိတ်မြို့အဝင်ဘက်တွင် ကားများပိတ် ဆို့မှု ဖြစ်ပေါ်ခဲ့ဖူးသေးသည်။

KIC – ပေးပို့သည်။