အာဏာသိမ်းစစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုကို နိုင်ငံတကာ‌မှ ဆက်လှစ်လျူရှု့ထားပါက စစ်ရာဇဝတ်ကျူးလွန်မှု သက်ဆိုးရှည်စေမည်ဟုဆို

By MPM 15 ဒီဇင်ဘာ, 2022 👁

မြန်မာပြည်တွင် စစ်တပ်၏လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူမှုမပြုပဲ နိုင်ငံတကာများ ဆက်လက် လှစ်လျူရှု့လျှင် စစ်ရာဇဝတ်ကျူးလွန်မှုကို သက်ဆိုးရှည်စေကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (Karen Human Rights Group-KHRG) ၏ ယမန်နေ့က ပြုလုပ်သည့် ၎င်းတို့၏ အစီရင်ခံစာထုတ်ပြန်မှုတွင် ပြောဆိုခဲ့သည်။

မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ဆယ်စုနှစ်သုံးခုအတွင်း ဒေသခံပြည်သူများအပေါ် ကျူးလွန်သည့် မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှု၊ လူသားမျိုး နွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှု သက်သေခံချက်များကို ထုတ်ပြန်သည့် အဆိုပါ အစီရင်ခံထုတ်ပြန်မှုတွင် ၎င်းပြစ်မှုများကို နိုင်ငံတကာမှ ယနေ့အချိန်အထိ အပြစ်ကင်းလွတ်ခွင့်ပေးထားကြောင်း ဖော်ပြပြောဆိုထားသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့၏ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးက “ ကျနော်တို့ မြန်မာစစ်တပ်တွေဝန်ခံဖို့ သက်သေအထောက်အထားအစုံအလင်နဲ့ထုတ်ပြန်ထားပြီးသား။ အခုက ကျနော်တို့တိုက်တွန်းပြီး ပြတ်ပြတ် သားသား ပြောချင်တာက နိုင်ငံတကာ တာဝန်ရှိတဲ့အကြီးအကဲတွေ စစ်ကောင်စီအပေါ် အပြစ်ဒဏ်ယူပေးဖို့၊ ဒီကျူးလွန်မှုတွေကို ဥပက္ခာမပြုဖို့ပေါ့။ ဒီကျူးလွန်မှုတွေကို ဥပက္ခာပြုမယ်ဆိုရင် မြန်မာစစ်တပ်တွေ အပြစ်ဒဏ်က နေလွှတ်မြောက်ပြီး သက်ဆိုးရှည်ဖို့လုပ်တာနဲ့တူတူပဲ” ဟု ကေအိုင်စီသို့ပြောသည်။

ယမန်နေ့က ထုတ်ပြန်သည့် KHRG ၏ အစီရင်ခံစာပါ ထုတ်ပြန်ချက်တွင် စစ်ကောင်စီမှ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ဖော်ပြရာတွင် လူသားမဆန်စွာ သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မပြောင်းရွှေ့စေခိုင်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အတင်းအဓမ္မလုပ်အားပေးစေခိုင်းခြင်း၊ ကျွန်ပြုခြင်း၊ ကျေးရွာများအား ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်း၊ အခြေခံ လိုအပ်ချက်များကို ပိတ်ပင်တား ဆီးခြင်း၊ ဆာလောင်ငတ်မွတ်စေခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများ ပါဝင်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ၎င်းတို့ အစီရင်ခံထုတ်ပြန်ရာတွင် ပါဝင်သော မြန်မာပြည်အရှေ့တောင်းပိုင်းဒေသများတွင် စစ်အာဏာသိမ်းမှုနောက်ပိုင်း နယ်မြေခံ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်ကောင်စီ အကြား တိုက်ပွဲများ ပြန်လည် ပြင်ထန်လာပြီး စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများ၊ ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ် မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ပြီး လေကြောင်း တိုက်ခိုက်မှုပေါင်း (၇၂) ကြိမ် ပြုလုပ်ခဲ့ပြီး ဒေသခံ အရပ်သား (၃၀၀,၀၀၀) ကျော် စစ်ဘေးရှောင်နေကြရသည်ဟုလည်း ဆိုထားသေးသည်။

လက်ရှိ ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ မြန်မာပြည်အရှေ့တောင်ပိုင်း ကျေးလက်ဒေသများတွင် မြန်မာစစ်တပ်၏ ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ်သော လူ့အခွင့်အရေးချိူးဖောက်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန်မှုများသည် ငြင်းဆို၍မရနိုင်သော ဒေသခံပြည်သူများ၏ သက်သေခံချက်များဖြစ်ကြောင်းလည်း KHRG က ဆိုသည်။

KIC – ပေးပို့သည်။