ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင် ကုန်တင်ရထား မိုင်းဆွဲခံရ

By MPM 15 ဒီဇင်ဘာ, 2022 👁 9

မွန်ပြည်နယ်၊ သထုံမြို့နယ် ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင် အမှတ် ၂၇၂ အစုန် ကုန်တင်ရထား မိုင်းဆွဲခံရကြောင်း သိရသည်။

ဒီဇင်ဘာ ၁၃ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်က သထုံမြို့မှ မန္တလေးသိူ့ထွက်ခွာမည့် အမှတ် ၂၇၂ အစုန်ရထားသည် သထုံမြို့၊ ကလိကျွန်းကျေးရွာနှင့် တံတားဦးကျေးရွာကြား၌ မိုင်းဆွဲခံခဲ့ရခြင်းဖြစ်ကြောင်း သထုံဒေသခံတစ်ဦးက ပြောသည်။

“ကုန်ရထားဆိုတော့ လူထိခိုက်တာတော့ မရှိဘူးလို့ သိရတယ်။ ရထားလမ်းပျက်စီးသွားလို့ ညရထားခရီးစဉ်ကတော့ နားထားရတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် ည ၈ နာရီတွင် ထွက်ရှိမည့် မော်လမြိုင်-ရန်ကုန် ညရထားခရီးစဉ် ရပ်နားလိုက်ကြောင်း သိရသည်။

ခရီးစဉ် ရပ်နားလိုက်သောကြောင့် ညရထားတွင် လိုက်ပါမည့် ခရီးသည်များကို ရထားလက်မှတ်ခ ပြန်ပေးအပ်ခဲ့ကြောင်း ညရထားဖြင့် ခရီးသွားရန် စီစဉ်ခဲ့သူတစ်ဦးက ပြောသည်။

“ဘာကြောင့်လို့တော့ မပြောဘူး။ ခရီးစဉ်ပျက်သွားရလို့ ပိုက်ဆံပြန်ပေးမယ်ဆိုပြီး ခရီးသည်တွေကို အကုန်ပြန်အမ်းပေးတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်၊ ည ၈ နာရီ အချိန်ခန့်ကလည်း မော်လမြိုင်-ရန်ကုန် အမှတ် ၈၂ အစုန် အမြန်ရထားသည် ဘီးလင်းမြိုနယ်၊ ဒုံဝန်းဘူတာမှ စထွက်သည့်အချိန်၌ မိုင်းခွဲခံခဲ့ရသေးကြောင်း သိရသည်။

IMNA – ပေးပို့သည်။