စာသင်ဆရာ/ဆရာမများကို ကရင့်ပညာရေးဌာနမှ ကျပ်သန်းပေါင်း ၂ဝဝဝ ကျော် ထောက်ပံ့

0
196

KNU ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် မြို့နယ်အသီးသီးရှိ ကျောင်းများတွင် စာသင်ကြားပေးနေသည့် ဆရာ/ဆရာမများအား ယခုနှစ် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်အတွက် KECD ကရင့်ပညာရေးနှင့် ယဉ်ကျေး မှုဌာနမှ ကျပ်သန်းပေါင်း (၂,ဝဝဝ) ကျော် (သိန်းပေါင်းနှစ်သောင်းကျော်) ကို ထောက်ပံ့ပေးသွားကြောင်း ခရိုင်ပညာရေးဌာန တာဝန်ရှိသူများထံမှ သိရသည်။

ဝင်းရေး၊ နို့တကော်၊ ကျုံဒိုးနှင့် ကော့ကရိတ်မြို့နယ်ရှိ KECD ၏ စီမံခန့်ခွဲမှုအောက်တွင်ရှိနေသည့် ကရင့်ပညာရေး ဌာနကျောင်းနှင့် ကိုယ်ထူကိုယ်ထကျောင်းများတွင် စာသင်ကြားပေးနေသည့် ဆရာ/ဆရာမဦးရေ (၂,၅ဝဝ) ကျော်အား ပညာရေးကဏ္ဍ ဆက်လက်ဆောင်ရွက်နိုင်ရန် ကူညီထောက်ပံ့ပေးခြင်းဖြစ်သည်ဟု ဒူးပလာယာ ခရိုင်ပညာရေးမှူး ပဒိုမန်းကနေဒီက ကေအိုင်စီသို့ပြောသည်။

“ကျောင်းသားမိဘတွေရဲ့ ဝန်ထုတ်ဝန်ပိုးလျော့နည်းသွားအောင်ရယ် ပညာရေးကဏ္ဍမှာ ဆရာ/ဆရာမတွေ ပိုပြီး အကောင်ထည်ဖော် ဆောင်ရွက်လာနိုင်အောင် ကူညီထောက်ပံ့ပေးခြင်းဖြစ်ပါတယ်။ ယခု နိုင်ငံရေးအခြေအနေကြောင့် ကုန်စျေးနှုန်းတွေလည်း ကြီးလာတော့ ယခင်နှစ်တွေထက် ထောက်ပံ့မှုတွေ တိုးပေးထား တယ်ပေါ့ နော်။ ပညာရေးခါးပြတ်မှု မရှိအောင် တတ်နိုင်သလောက် ကြိုးစားဆောင်ရွက်သွားမယ်” ဟု ပညာရေးမှူး ပဒိုမန်းကနေဒီက ဒီဇင်ဘာ ၁၁ ရက်နေ့ ကေအိုင်စီသို့ပြောသည်။

ယခုနှစ် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်တွင် ဒူးပလာယာခရိုင်အနေဖြင့် သက်ဆိုင်ရာကျောင်းအသီးသီးမှ စာသင်ကြားပေးနေသည့် ဆရာ/ဆရာမ ဦးရေ (၂,၅ဝဝ) ကျော်အတွက် ယခင်နှစ်များတွင် တစ်ဦးလျှင် တစ်နှစ်စာ အတွက် ထိုင်းဘတ်ငွေ (၉,ဝဝဝ) မှ ယခုနှစ်တွင်မူ ဘတ်ငွေ (၁၁,ဝဝဝ)အထိ တိုးမြှင့်ထောက်ပံ့ပေးပြီး ကျောင်းသင် ထောက်ကူပစ္စည်းများလည်း နှစ်အလိုက် ကူညီထောက်ပံ့ပေးသည်ဟု မြို့နယ်အသီးသီးရှိ ကရင့်ပညာရေးဌာန တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ KECD၏ ထောက်ပံ့ပေးမှုများတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ယခင်အစိုးရ လက်အောက်ခံ ကျောင်းများမှ လက်ရှိ ကိုယ်ထူကိုယ်ထကျောင်းအဖြစ် ပြန်လည် ရပ်တည်သင်ကြားပေးနေသည့် စာသင် ကျောင်းများကိုပါ ပံ့ပိုးကူညီပေးခဲ့ပြီး KECD အနေဖြင့်လည်း ယခင်နှစ်များထက် ထောက်ပံ့ငွေ ပိုမို သုံးစွဲ ထောက်ပံ့ကူညီပေးခဲ့ရသည်ဟု ပညာရေး တာဝန်ရှိသူများက ဆိုသည်။

ဝင်းရေးမြို့နယ် ကိုယ်ထူကိုယ် ထကျောင်းတွင် စာသင်ပေးနေသည့် ဆရာစောလှဝန်းက “ကိုယ်ထူကိုယ်ထ ကျောင်းမှာ စာသင်ကြားနိုင်မှု ပုံမှန်လည်ပတ်နိုင်ဖို့ အရမ်းခက်ခဲပါတယ်။ ကျောင်းသားမိဘတွေနဲ့ ရွာသား တွေ အပေါ်မှာ အများကြီးမှီခိုရပါတယ်။ KECD က ခုလို အသိအမှတ်ပြုပြီး ကူညီထောက်ပံ့ပေးလာတော့ အများကြီး အထောက်အကူဖြစ်စေတာပေါ့ဗျာ။ ဌာနေကလေးတွေ ပညာရေးခါးမပြတ်အောင် ရှေ့ဆက်ဆောင်ရွက်ပေးနိုင် ဖို့ အများကြီးခွန်အားဖြစ်စေပါတယ်” ဟု ကေအိုင်စီသို့ပြောသည်။

ဒူးပလာယာခရိုင်ရှိ မြို့နယ်အသီးသီးတွင် စစ်ကောင်စီမှ လေယာဉ်ဖြင့် မကြာခဏ လာရောက်ဗုံးကြဲတိုက်ခိုက်သည့်အပြင် ကျေးရွာများတွင်လည်း ထိုးစစ်ဆင်လုပ်ဆောင်နေသည့်အတွက် စာသင်ကျောင်းအများစုမှာ စာသင်ကြားမှု ပုံမှန်လည်ပတ်နိုင်ရန် အခက်ခဲရှိနေပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုကြောင့်လည်း အချို့စာကျောင်းများသည် တောတောင်ဂူထဲတွင် သင်ကြားမှုလုပ်ဆောင်နေရသည်ဟု ကျောင်းဆရာ/ဆရာမများထံမှ သိရသည်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here