နမ့်ဆန်တွင် စစ်ကောင်စီနှင့် TNLA အကြား တိုက်ပွဲများ ပြင်းထန်

0
169

ရှမ်းမြောက်၊ တအာင်း (ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်းရှိ တအန်းအမျိုးသားလွတ်မြောက်တပ်မတော် TNLA တပ်စခန်းနေရာများကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်ကနေပါ ထိုးစစ်ဆင်နေကြောင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

ဒီဇင်ဘာလ ၇ ရက်နေ့မှ ဒီဇင်ဘာလ ၉ ရက်နေ့ (ယနေ့) အချိန်ထိ ၃ ရက်ဆက်တိုက် နှစ်ဖက်ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

နမ့်ဆန်မြို့ခံ အမျိုးသမီးတစ်ဦးက ဒီဇင်ဘာလ ၉ ရက်နေ့အထိ အခြေအနေနှင့်ပတ်သက်၍ “ဒီနေ့လည်း လေယာဉ်ကနေ ပစ်တယ်။ လက်နက်ကြီးတွေနဲ့လည်း ဆက်တိုက်ပစ်နေကြတယ်။ တိုက်ပွဲက တော်တော် ပြင်းထန် တယ်။ ရွာသားတွေလည်း အကုန်ထွက်ပြေးနေရတယ် အခုကလေ။ တချို့လည်း နမ့်ဆန်မြို့ပေါ် ကိုတော့ ရောက်လာကြပြီ။ မနေ့က စပြီး နည်းနည်းစီနဲ့ လာကြတော့။ ဒီနေ့လည်း တနေကုန်ပဲ ထွက်ပြေးလာကြတာ” ဟု ပြောသည်။

ဒီဇင်ဘာလ ၉ ရက်နေ့၊ နံနက် ၁၀ နာရီကျော်အချိန်ထိ နမ့်ဆန် စစ်တပ်စခန်းကနေလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဘက်က နမ့်ဆန်မြို့ပေါ်တွင်လည်း လုံခြုံရေး တင်းကြပ်ထားသည်ဟု ဆိုသည်။

“ဒေသခံတွေက ရတဲ့လမ်းတွေကနေ ထွက်လာကြတယ်။ ဒီနေ့ဆို တချို့တွေ အဆက်အသွယ် ပြတ်သွားတာလည်း ရှိတယ်။ နမ့်ဆန်မှာက မြို့ပေါ်မှာလည်း စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတော့ တချို့ဆို ဖုန်းတွေ ပိတ် အဆက်အသွယ်တွေလည်း ဖြတ်ထားတယ်။ အစစ်အဆေးလည်း များတယ်။ အားလုံးက ကြောက်လို့လေ နော်။ ကျနော်တို့ လူငယ်အဖွဲ့တွေဆို ဖုန်းဆက်ရင်တော့ အခြေအနေ မပြောရဲကြဘူး။ အဓိက စစ်ရှောင်တွေကို သွားကူညီတဲ့နေရာမှာ အနှောက်အယှက် မဖြစ်အောင်လေနော်” ဟု တအာင်းလူငယ်တစ်ဦးက ပြောသည်။

တိုက်ပွဲအခြေအနေများကြောင့် နမ့်ဆန်မြို့နယ်အတွင်း ကျောင်းများပါ ပိတ်ထားရသည်ဟု ဒေသခံများက ပြောသည်။

နမ့်ဆန်မြို့နယ် မန်လုံကျေးရွာက ရွာသူ/သားများသည် ဒီဇင်ဘာလ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် မြို့ပေါ်ရှိ ဇယန်းကြီး ဘုန်းတော်ကြီးကျောင်းကို ထွက်ပြေးတိမ်းရှောင်လာကြည်ဟု ကူညီပေးနေသူများက ပြောသည်။

ကူညီပေးနေသည့် ဒေသခံ လူငယ်အမျိုးသားတစ်ဦးက “လူဦးရေ စာရင်းအတိအကျ ပြောရခက်တယ်ဗျ။ ဒီနေ့ ဆို တနေကုန်ပဲ ရောက်လာနေကြတာ။ ကျနော်တို့ နမ့်ဆန်က လူငယ်တွေက သွားကူနေတာပါ။ ဒီနေ့ဆို ဒုတိယ အခေါက်အနေနဲ့ အသက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ ၂၅ ယောက်လောက်ကို သွားကြိုပြီး ဇယန်းဘုန်းကြီး ကျောင်းကို ပို့ထားပေးရတယ်။ ရွာသားတွေက မနေ့ညနေကတည်းက ဆက်သွယ်လာတာ။ စာရင်းတော့ အတိ အကျမသိရသေးဘူး။ ခနနေ ၃၀၀၊ ခနနေ ၄၀၀ အဲ့လိုဖြစ်နေတယ်။ တချို့လည်း ပြောတာ ၇၀၀ ကျော်ပြီလို့ ပြောတယ်” ဟု ပြောသည်။

စစ်ရှောင်များအတွက် အရေးပေါ်အကူအညီများလည်း လိုအပ်နေသည်ဟု ကူညီပေးနေသူ အချို့က ဆိုသည်။

ဒီဇင်ဘာလ ၇ ရက်နေ့၊ မွန်းလွှဲပိုင်း ၂ နာရီအချိန်ခန့်က စစ်တပ်က ဂျက်လေယာဉ်နှစ်စီးနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ဒီဇင်ဘာလ ၈ ရက်နေ့တွင် မြေပြင်ကနေပါ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သည့် အတွက် အနီးအနားကျေးရွာများရှိ ရွာသားများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

ထို့အပြင် ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်တွင်လည်း နမ့်ဆန်မြို့နယ်ထဲက ဟူးမန်းနှင့် ကုန်းသာကျေးရွာတို့ဘက်ကို စစ်ကောင်စီ၏ ဂျက်လေယာဥ် ၂ စီးနှင့်အတူ မြေပြင်ထိုးစစ်ဆင်ပစ်ခတ်မှုများကြောင့် တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးဆုံးရှုံးမှုအပြင် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေများနှင့် ပတ်သက်၍ အသေးစိတ် မသိရသေးပေ။

စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲပြင်းထန်နေမှုကြောင့် နမ့်ဆန်မြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ ဒေသခံများက မြို့ပေါ်ကို စစ်ရှောင်လာကြသော်လည်း တိုက်ပွဲဖြစ်ပွားနေသည့် ကုန်းသာကျေးက ဒေသခံရွာသားများ စစ်တပ်က ပိတ်ပင်ထားသည့် ထွက်ပြေးလို့မရဘူးဟု ဒေသအခြေစိုက် ရွှေဖြီမြေ သတင်းဌာနမှာ ရေးသားထားသည်။

တိုက်ပွဲနှင့်နီးသည့် ကျေးရွာ ၅ ရွာက ဒေသခံများသည် နမ့်ဆန်မြို့ပေါ်ရှိ ဇယန်းကြီးကျောင်းတွင် ရောက်ရှိလာကြပြီဖြစ်ပြီး ထက်ဝက်ကမှာ မန်လုံကျေးရွာတွင် စုပေါင်းနေထိုင်နေကြသည်ဟု ကူညီပေးနေသူများက ပြောသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here