ဇွတ်အဲန်စီအေနှင့် ဝေဝါးနေဆဲ ငြိမ်းချမ်းရေးလမ်း

အာဏာသိမ်းစစ်အုပ်စုနှင့် နွေဦးတော်လှန်ရေးတွင် ပါဝင်မလာသော အပစ်ရပ်လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (၇) ဖွဲ့တို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ဆက်လက်ဖက်တွယ်ထားဆဲဖြစ်ပြီး လမ်းဆုံးနေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် မျှော်လင့်ချက်ရှိနေကြဆဲဖြစ်ပါသည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (၃) ဖွဲ့ ကမူ NCA အပေါ် သဘောထားကွဲလွဲခဲ့ကြပြီး နွေဦးတော်လှန်ရေးဘက် ရပ်တည်လာသည့်အုပ်စုနှင့် စစ်အုပ်စုဘက် လက်ချင်းချိတ်သည့်အုပ်စုဟူ၍ ကွဲထွက်သွားခဲ့ကြပါသည်။ တခြားတဖက်တွင်တော့ ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (၃) ဖွဲ့သည် NCA ကို ကျောခိုင်းကာ နွေဦးတော်လှန်ရေးဘက်သို့ တင်းပြည့်ကျပ်ပြည့် ပူးပေါင်းပါဝင်လာခဲ့ကြသည်ကို တွေ့ရပါသည်။

စစ်အာဏာသိမ်းမှုကြောင့် ရွေးကောက်ခံအစိုးရ၊ ရွေးကောက်ခံလွှတ်တော်နှင့် NCA ကို ကျောခိုင်းခဲ့ကြသူများ ရှိနေလင့်ကစား အလုပ်မဖြစ်တော့သည့် NCA လမ်းကြောင်း အသက်ဝင် လာမည့်အချိန်အား စောင့်စားနေသူများအဖို့ ဇွတ်အင်န်စီအေဟုဆိုရခြင်းဖြစ်ပြီး မြန်မာပြည်အတွင်း အမြစ်တွယ်နေဆဲ၊ ပိုမိုပြင်းထန်ကျယ်ပြန့်စွာ တောက်လောင်နေဆဲဖြစ်သည့် စစ်ရေး၊ နိုင်ငံရေးပဋိပက္ခအကျပ်အတည်းကို ဖြေရှင်းပေးမည့် ငြိမ်းချမ်းရေး လမ်းသည်ကား ဝေဝေါးနေဆဲဖြစ်ကြောင်း တွေ့ရှိရပါသည်။

အာဏာသိမ်းစစ်အုပ်စုသည် ပြင်းထန်သော ပြည်တွင်းတော်လှန်ရေးအင်အားစုများ၏ စစ်ရေးဖိအားများကို လျှော့ချနိုင်ရေးနှင့် နိုင်ငံတကာအဝန်းအဝိုင်းအတွင်း ဝင်ဆံ့နိုင်ရေးအတွက် အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေးဟူသော စကားလုံးများအား တွင်တွင်ကျယ်ကျယ်သုံးနေလင့်ကစား နိုင်ငံတဝှမ်း လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုနှင့် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများကို တစ်ရက်တလေမျှ ရပ်တန့်ခဲ့သည်ကို မတွေ့ရပေ။ ထို့အပြင် စစ်အုပ်စုဘက်ကကမ်းလှမ်းသည့် အပစ်ရပ်ရေး၊ တွေ့ဆုံဆွေးနွေးရေးဟူသည်ကလည်း တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များကိုသာ ဦးတည်ရည်ရွယ်ခြင်းဖြစ်ပြီး စစ်အာဏာသိမ်းမှုကြောင့် ဖြစ်တည်ပေါက်ဖွားလာသည့် တော်လှန်ရေးအင်အားစုများကိုကား ဆွေးနွေးဖက်ဟုပင် မရှုမြင်နိုင်သေးပေ။ ပို၍ဆိုးသည်က ငြိမ်းချမ်းရေးဟူသော အမည်နာမကိုအသုံးပြုပြီး စစ်အာဏာသိမ်းမှု၏ နောက်ဆုံးထွက်ပေါက်ဖြစ်သော ရွေးကောက်ပွဲအသစ်တရပ်အား ကျင်းပနိုင်ရေး ကြိုးပမ်းနေခြင်းပင် ဖြစ်ပါသည်။

၂၀၂၅ ခုနှစ် ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အထိ စစ်ကောင်စီဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ (NSPNC) မှ ကျင်းပပြုလုပ်သည့် ငြိမ်းချမ်းရေးဖိုရမ်ကို တက်ရောက်ခဲ့သည့် အပစ်ရပ်မဟာမိတ် (၇) ဖွဲ့ (7EAO Alliance) ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်ကတော့ ငြိမ်းချမ်းရေး အမည်ခံတွေ့ဆုံဆွေးနွေးပွဲမျိုး နှစ်ကြိမ်ကြုံတွေ့ခဲ့ရသော်လည်း နိုင်ငံရေးအရ
တွေ့ဆုံဆွေးနွေးမှုမျိုး မရှိခဲ့ဟု ဆိုပါသည်။ စစ်ကောင်စီခွင့်ပြုထားသည့် နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များကို အဓိကတွေ့ရှိရပြီး ၎င်းတို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကိုမူ သီးခြားစီသာ တွေ့ဆုံခဲ့သည်ဟု သိရပါသည်။

“ကိုယ်စားလှယ်ပေါင်း ၂၀၀ ကျော်နဲ့ ၃ ရက်တာပြုလုပ်တဲ့ တွေ့ဆုံပွဲက ထောင့်စုံကနေ လက်ရှိနိုင်ငံရဲ့ အခြေအနေကို တင်ပြတာရှိတယ်။ သူ့အမြင်ကိုယ့်အမြင် တင်ပြတာရှိတယ်။ EAO တွေကိုလည်း
တစ်ဖွဲ့ချင်းစီကို သီးသန့်ဖိတ်တယ်။ ဘယ်အဖွဲ့ကို ဘာဆွေးနွေးလဲဆိုတာတော့ အတိအကျပြောဖို့ရာ ခက်ပါတယ်။ အဓိက ကျွန်တော်တို့အားလုံးကြုံနေရတဲ့ အခက်အခဲ၊ အကျပ်အတည်းအားလုံးကို လမ်းစရှာနိုင်တဲ့ အချက်အလက် တွေကိုတော့ အဓိကထား ဆွေးနွေးကြတယ်လို့ အကြမ်းဖျဉ်းပြောလို့ရပါတယ်” ဟု ဗိုလ်မှူးကြီးစောကျော်ညွန့် က ဆိုပါသည်။ 1

အဆိုပါဖိုရမ်အတွင်း ပြောဆိုခဲ့သော အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းအရမူ ၎င်းတို့အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ NCA စာချုပ်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးမူ (၆) ချက်ကို ကျော်လွန်စဉ်းစားခြင်း မရှိသေးသကဲ့သို့ ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲကိုပင် အင်္ဂါမစုံတော့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ဖြင့် ကျင်းပနိုင်သည်ဟု ဆိုထားပါသည်။ 2 ၎င်းတို့ အာဏာသိမ်းစစ်အုပ်စုအား ဆန့်ကျင်တော်လှန်တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးအင်အားစုများအား နိုင်ငံတော်ကို ဆန့်ကျင်တော်လှန်နေကြသူများအဖြစ် စစ်ခေါင်းဆောင်က ရှုမြင်ထားပြီး လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ပြီး နိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းများမှတဆင့် ဖြေရှင်းကြရန် တိုက်တွန်းထားပါသည်။

တော်လှန်ရေးအင်အားစုများဘက်တွင်တော့ အာဏာသိမ်းစစ်တပ်အား မြန်မာ့နိုင်ငံရေးအတွင်း ပါဝင်နေခြင်းအားအဆုံးသတ်ရန်၊ နိုင်ငံတဝှမ်းလက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ရွေးကောက်ခံ အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်တွင်သာ အပြည့်အဝထားရှိရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အပြီးတိုင်ဖျက်သိမ်းရေးနှင့် ပြန်လည်အသက်သွင်းမှုမှန်သမျှ တိုက်ဖျက်ရန်၊ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်များဖော်ဆောင်ရန် စသော နိုင်ငံရေးဦးတည်ချက် (၆) ရပ်ကို ဘုံသဘောထားအဖြစ် ထုတ်ပြန်ကြေညာကာ တွေ့ဆုံဆွေးနွေးရေးအတွက် လမ်းဖွင့်သည်ကို တွေ့ရသည်။ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အား ပြန်လည်ဖော်ဆောင်ရန်အတွက် သက်ဆိုင်ရာအစုအဖွဲ့အားလုံး လက်ခံနိုင်သည့် ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တရပ် ရေးဆွဲရန် လိုအပ်သည်ဟုလည်း ဆိုထားပါသည်။ 3

ဆိုရသော် မိမိကိုယ်မိမိ နိုင်ငံတော်နှင့် တတန်းတည်းထားကာ တိုင်းပြည်အာဏာကို နည်းလမ်းမျိုးစုံဖြင့် ချုပ်ကိုင်ထားလိုသော စစ်အုပ်စုနှင့် တော်လှန်ရေးအင်အားစုများအကြား နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာရေးနိုင်ရေးသည် အလှမ်းကွာဝေးလွန်းနေသကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေး လမ်းကြောင်း ဟူသည်ကလည်း အလွန်ဝေဝါးနေဆဲဟုသာ ဆိုရမည်ဖြစ်သည်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးတည်လျှောက်လှမ်းနေသော နွေဦးတော်လှန်ရေးအင်အားစုများဘက်တွင် အပြည့်အဝ ရပ်တည်လာခြင်းမရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဖက်အစုအဖွဲ့များအတွက် စစ်အုပ်စုနှင့် မကင်းရာမကင်းကြောင်း ပတ်သက်ဆက်နွှယ်နေကြရပြီး နွေဦးတော်လှန်ရေး၏အရွေ့အဟုန်ကို စောင့်ကြည့်နေကြရပါသည်။ လေးနှစ်ကျော်ကာလထဲသို့ ရောက်ရှိလာပြီဖြစ်သော စစ်အာဏာသိမ်းကာလအတွင်းတွေ့ရှိခဲ့ရသည့် အာဏာသိမ်းစစ်အုပ်စု၏ အရပ်သားပြည်သူများအားပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကိုမူ ၎င်းတို့အနေဖြင့် လျစ်လျူပြုကာ နှုတ်ဆိတ်နေခဲ့ကြပါသည်။

ထူးခြားမှုအဖြစ် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ဖြစ်တည်လာသော တွေ့ဆုံဆွေးနွေးမှုများသည်ပင် နယ်စပ်ဒေသရှိ စစ်ရေးပဋိပက္ခအရှိန် လျော့ချရေးထက် ပိုကဲလာခြင်း မရှိခဲ့ပေ။ မြန်မာပြည်အတွင်းရှိ တရုတ် နိုင်ငံနှင့် တရုတ်နိုင်ငံသားများ၏ အကျိုးစီးပွားအတွက်သာ ဦးတည်သော တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုသည် မြန်မာနိုင်ငံအတွင်း ပဋိပက္ခများချုပ်ငြိမ်းရေးနှင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးအတွက်မူ မျှော်လင့်နိုင်ဖွယ်မရှိပေ။ အလားတူ အာဆီယံ၏ တောင်းဆိုမှုကြောင့် ဖြစ်တည်လာသော ယာယီအပစ်အခတ် ရပ်စဲရေးသည်လည်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကို ဟန့်တားနိုင်ခြင်းငှာ မစွမ်းသာခဲ့ပေ။ အင်အား ပြင်းစစ်ကိုင်းငလျင်လှုပ်ခတ်မှုကိုအကြောင်းပြုပြီးဖြစ်တည်လာသည့်အဖက်ဖက်က ယာယီအပစ်အခတ် ရပ်စဲကြောင်း ကြေညာချက်များသည်လည်း လူကြား‌ကောင်းရုံမျှသာ ဖြစ်ခဲ့သည်ဟု ဆိုရပါမည်။

ထို့ကြောင့် စစ်အာဏာသိမ်းမှုမတိုင်ခင်က ဖြစ်တည်ခဲ့သည့် NCA စာချုပ်ကို ဇွတ်ဖက်တွယ်ခြင်း၊ NCA စာချုပ် မတိုင်ခင်ကတည်းက ဖြစ်တည်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုင်စွဲထားခြင်းနှင့် စစ်အာဏာသိမ်းကာလအတွင်း ဖြစ်တည်လာသော နွေဦးတော်လှန်ရေးအင်အားစုများ၏ လိုလားချက်များ၊ မျှော်မှန်းချက်များ အကြား စေ့စပ်ညှိနှိုင်းခြင်း၊ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းအလိုငှာ စွမ်းဆောင်နိုင်သော ငြိမ်းချမ်းရေးလမ်းသည် ယနေ့အချိန်ထိ ဝေဝါးနေဆဲဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

1 ငြိမ်းချမ်းရေးဖိုရမ်မှသည် ရွေးကောက်ပွဲဆီသို့ ဦးတည်နေပြီလား၊ သံလွင်တိုင်းမ်၊ ၁၅ ဇူလိုင် ၂၀၂၅
2 အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်း ၊ NSPNC ၊ ၃၀ ဇွန် ၂၀၂၅
3 ပူးတွဲထုတ်ပြန်ကြေညာချက်၊ CRPH ၊ ၃ ဖေဖော်ဝါရီ ၂၀၂၅