ရခိုင်ပြည်တွင် လက်ကျန်နယ်မြေ အဆုံးအဖြတ်တိုက်ပွဲများကို လာမည့် ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ် မကုန်ဆုံးမီ လက်စသတ် အောင်ပွဲခံနိုင်ရန် ယုံကြည်ချက်အပြည့်ဖြင့် လုပ်နေကြောင်း အာရက္ခတပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြည်သူများကို အသိပေးလိုက်သည်။
ယမန်နေ့ (ဧပြီ ၁၀) တွင် ကျရောက်ခဲ့သော အာရက္ခတပ်တော် တည်ထောင်ခြင်း (၁၇) နှစ်မြောက် အထိမ်းအမှတ်နေ့သို့ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားခြင်းဖြစ်သည်။
ယခုအခါ အာရက္ခတပ်တော်သည် ရခိုင်ပြည် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားပြီး ပြည်မဒေသများအထိ စစ်ရေးဖော်ကာ အုပ်ချုပ်ရေးယန္တယားများ လည်ပတ်နေသည်။
ထို့အတူ ရခိုင်လက်ကျန်မြို့များဖြစ်သော စစ်တွေ၊ ကျောက်ဖြူမြို့နယ်များတွင် တိုက်ပွဲများ ဆက်လက်ဆင်နွှဲနေသည်။
“AA ဟာ စကားနည်းနည်းပြောပြီး အလုပ်များများ လုပ်တဲ့ အဖွဲ့ဖြစ်တာကြောင့် ဗိုလ်ချုပ်စကားကို ပြည်သူတွေ ယုံကြည်ကြတယ်။ ဒါကြောင့် မကြာမီ ရခိုင်ပြည်လွတ်မြောက်တော့မယ်ဆိုတဲ့ မတ်ဆေ့ချ်ကို ပြည်သူဆီ ပေးလိုက်တာဖြစ်တယ်။ တစ်ဖက်မှာလည်း ပြည်သူတွေ ဆက်လက်ဝန်းရံပြီး တောင့်ခံထားဖို့ လိုအပ်တယ်လို့ မြင်တယ်” ဟု ရခိုင်ဒေသခံ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
အာရက္ခတပ်တော်သည် ၂၀၂၄ ခုနှစ်အတွင်း မြို့နယ် ၁၅ ခုကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သော အောင်မြင်သည့် တော်လှန်ရေး အဖွဲ့အစည်းကြီးဖြစ်သည်။
လက်ရှိတွင် ပြည်မတော်လှန်ရေးအင်အားစုများနှင့်အတူ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတို့တွင်လည်း မဟာမိတ်များနှင့် ဆက်လက်တိုက်ပွဲဝင်နေသည်။
“မဟာမိတ်အင်အားစုတွေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိတာကြောင့် အရက္ခတပ်တော်ရဲ့ အောင်ပွဲဟာ မြန်မာ နိုင်ငံမှာ ဇယားထိပ်ကို ရောက်နေတာ။ ဒါတွေကတော့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ စစ်ရေးနည်းဗျူဟာတစ်ခုလို့ မြင်တယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ် အပြီးသတ်အဆုံးသတ်ဖို့ AA ဟာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုမှာ ရောက်နေပြီလို့ ပြောရမယ်” ဟု နောက်ထပ် ရခိုင်လူငယ်တစ်ဦးက သုံးသပ်သည်။
AA အနေဖြင့် စစ်ရေးအပြင် နိုင်ငံရေး၊ သံတမန်ရေးနှင့် စီးပွားရေးကဏ္ဍအသီးသီးတွင် အောင်မြင်စေရန် မူဝါဒကောင်းများ ချမှတ်နေပြီး စစ်အာဏာရှင်ကို အတူတကွ တိုက်ထုတ်နေသည့် မဟာမိတ်အဖွဲ့အစည်းများကိုလည်း အလေးအနက် တန်ဖိုးထား၍ လက်တွဲသွားမည်ဟုလည်း ဖော်ပြထားသည်။
ရခိုင်အချုပ်အခြာအာဏာ ဆုံးရှုံးခဲ့ရပြီးနောက်ပိုင်း နှစ်ပေါင်း ၂၄၀ ကျော်အတွင်း ယခုလှုပ်ရှားမှုသည် လူထုတရပ်လုံးပါဝင်သော အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲဖြစ်ပြီး ပေးဆပ်ခဲ့ရသည့် အသက်၊ သွေး၊ ချွေးများနှင့်အညီ အောင်မြင်မှုရရှိအောင် ဆက်လက်ချီတက်သွားမည်ဟု AA တပ်မှူးချုပ်က ပြောသည်။
DMG