၂၀၂၅ ခုနှစ်တွင် စစ်သုံ့ပန်း၊ အလင်းဝင်လာသူနှင့် လက်နက်ချသူ စုစုပေါင်း ၂၅၀၀ ကျော်ရှိ

By MPM 20 ဇန်နဝါရီ, 2026 👁

မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့် တိုက်ပွဲများမှအပြင် တပ်စခန်းအသီးသီးမှ စစ်သား၊ ရဲနှင့် ပြည်သူ့စစ်များ လက်နက်ချအလင်းဝင်ပူးပေါင်းသူ တစ်နှစ်အတွင်း ၂၅၇၈ ဦးအထိရှိသည်ဟု ပြည်သူ့ပန်းတိုင်၏ အစီရင်ခံစာ အချက်အလက်များအရ သိရသည်။

ပြည်သူ့ပန်းတိုင်မှ အချက်အလက်အရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် အလင်းဝင် (စစ်သား ၉၄၅ ဦး၊ ရဲ ၃၀ ဦး၊ ပြည်သူ့စစ် ၆၄ ဦး)၊ လက်နက်ချ (စစ်သား ၁၅၇ ဦး) နှင့် စစ်သုံ့ပန်း (စစ်သား ၁၂၃၁ ဦး၊ ရဲ ၁၆ ဦး၊ ပြည်သူ့စစ် ၁၃၅ ဦး) ရှိကြောင်း ဖော်ပြထားသည်။

စစ်သုံ့ပန်း၊ အလင်းဝင်လာသူနှင့် လက်နက်ချသူများအနက် ၉၆၁ ဦးတို့သည့် စစ်သားများဖြစ်ပြီး စစ်မှုထမ်းသင်တန်းမှ တပ်သားများ အများဆုံးဖြစ်နေသည်ဟု ပြည်သူ့ပန်းတိုင်၏ Data Documentation တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“၈၀ ရာခိုင်နှုန်းလောက်က တပ်သားသစ်တွေပဲ အများဆုံးအလင်းဝင်လာတာတွေ့ ရတယ်။ တပ်သားဟောင်းတွေကတော့ အနည်းငယ်ပဲတွေ့ရတာပေါ့နော်၊ တပ်သားသစ်တွေပိုများတာ တွေ့ရတယ်။ ဒါက အလင်းဝင်နဲ့ စစ်သုံ့ပန်းနှစ်ခုပဲကောက်ထားတာနော် သေဆုံးသွားတာတွေ ပျောက်ဆုံးသွားတွေပါ ကြည့်မယ်ဆိုရင်တော့ စစ်တပ်အနေနဲ့ ဖြုန်းတီးလိုက်တဲ့အင်းအားတွေ အများကြီးရှိတယ်” ဟု ပြည်သူ့ပန်းတိုင်၏ Data Documentation တွင် တာဝန်ရှိသူက ပြောသည်။

အဆိုပါ အလင်းဝင် စစ်မှုထမ်းတပ်သားများသည် စစ်တပ်ထဲ ဝင်ရောက်လိုစိတ်မရှိဘဲ အကြောင်းအမျိုးအမျိုးကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရကာ အတင်းအဓမ္မ စစ်မှုထမ်းခံရပြီး၊ သင်တန်းကာလတွင်လည်း အခက်ခဲများနှင့် ရင်ဆိုင်ခဲ့ရသူများဖြစ်သည်ဟု ထိုသူက ဆက်ဆိုသည်။

ပြည်သူ့ပန်းတိုင်အဖွဲ့သည် အလင်းဝင်သူ၊ လက်နက်ချသူနှင့် စစ်သုံ့ပန်းများ၏ ဒေတာအချက်အလက်များကို စုဆောင်းခြင်းအပြင်၊ သက်မွေးဝန်းကျောင်းသင်တန်းပို့ချခြင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရိက္ခာထောက်ပံ့ခြင်းများကို ပြုလုပ်ပေးနေကြောင်း သိရသည်။

အသက်မွေးဝမ်းကျောင်း ပညာရပ်များကို ထိုင်း-မြန်မာနယ်စပ်ဒေသအပြင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တို့တွင်လည်း သင်ကြားပေးနေကြောင်း သိရသည်။

ယမန်နှစ်က စစ်သုံ့ပန်း၊ အလင်းဝင်လာသူနှင့် လက်နက်ချသူ ထောင်နှင့်ချီတို့သည် အသက်မွေးသင်တန်းမှ အတတ်ပညာများကို ပြန်လည်အသုံးချပြီး အသေးစားလုပ်ငန်များဖြင့် ဘဝရပ်တည်နိုင်သူများလည်း ရှိလာခဲ့ကြောင်း ဆိုသည်။

“အခုက သင်တန်းအသစ်ဖွင့်တိုင်းမှာ တက်ရောက်လာတဲ့ အလင်းဝင်တွေက တိုးတိုးလာတယ်ပေါ့နော်၊ သင်တန်းတိုင်းမှာတက်ရောက်တဲ့အရေအတွက်က တိုးလာတာတွေ့ရတယ်။ ပြီးတော့ ရောက်လာတဲ့သူတွေကို သူတို့အတွက် safe home တွေလည်း ဆောင်ရွက်ပေးတာရှိတယ်။ ပြီးတော့ရိက္ခာတွေ ဝေပေးတာရှိတယ်။ စားသောက်ဖို့အတွက် ရိက္ခာတွေ ဘာတွေ ပြန်လည်ထောက်ပံ့ပေးရှိတယ်။ ကျနော်တို့က တတ်နိုင်သလောက်လုပ်ပေးတာရှိတယ်” ဟု ဆက်ပြောသည်။

၂၀၂၅ ခုနှစ် အတွင်း လအလိုက် အလင်းဝင်လာသူအရေအတွက်မှာ ဩဂုတ်လတွင် ၁၇၄ ဦးအထိ အများဆုံးရှိခဲ့ပြီး၊ ဇူလိုင်လတွင် ၁၀၉ ဦး၊ ဇွန် ၁၀၀ ဦးနှင့် ဒီဇင်ဘာလတွင် ၃၉ ဦးအထိရှိကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးမှ စ၍ ၂၀၂၄ ခုနှစ်အထိ ပြည်သူ့ပန်းတိုင်မှ ကောက်ယူထားသော မှတ်တမ်းအရ အလင်းဝင်ပူပေါင်းသူ၊ လက်နက်ချနှင့် စစ်သုံ့ပန်းဖမ်းဆီးခံရသူ စုစုပေါင်းမှ ၇၀၀၀ နီးပါးအထိ ရှိခဲ့သည်ဟု သိရသည်။

IMNA