အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်တွင်းက စစ်ဘေးရှောင်စခန်းအချို့တွင် အိမ်သာမလုံခြုံသဖြင့် အမျိုးသမီးများအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ စိုးရိမ်စရာဖြစ်နေကြောင်း သိရသည်။
လူဦးရေ ၁,၀၀၀ ကျော်ရှိသော ကျောက်တော်မြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုတွင် ပြီးခဲ့သည့်ရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် အိမ်သာများတွင် အမိုးအကာများ ပျက်စီးသွားသဖြင့် ပြန်လည်ပြုပြင်ရန် ငွေကြေးမတတ်နိုင်ဖြစ်နေကြသည်။
အဆိုပါ အိမ်သာများတွင် အမိုးအကာ မလုံခြုံခြင်း၊ တံခါးများ ပျက်စီးနေပြီး မသန့်ရှင်းခြင်းတို့ကြောင့် စစ်ဘေးရှောင်စခန်းတွင်နေထိုင်သော အမျိုးသမီးများအတွက် စိုးရိမ်စရာတစ်ခုဖြစ်လာသည်ဟု ပြောသည်။
“အိမ်သာတွင်းတွေမှာလည်း ရေတွေ ပြည့်နေတယ်။ သန့်ရှင်းမှုလည်းမရှိဘူး။ အိမ်သာ အလုံအလောက်မရှိတဲ့အတွက် အိမ်သာ တစ်ခါတက်မယ်ဆိုရင်လည်း မနက်အစောကြီးကထပြီး တန်းစီစောင့်ရတယ်။ အိမ်သာတံခါးတွေရော ခေါင်တွေရော ပျက်စီးသွားပါတယ်။ ဒါကြောင့် အိမ်သာတွေ လုံလုံခြုံခြုံမရှိတဲ့အတွက် အမျိုးသမီးတွေ စိုးရိမ်နေကြရတယ်” ဟု ကျောက်တော်မြို့နယ်ရထားဘူတာ စစ်ဘေးရှောင်စခန်းမှ မဆန်းကျော်က DMG ကို ပြောသည်။
လက်ရှိတွင် စစ်ဘေးရှောင်များမှာ အကူအညီအထောက်အပံ့ရရှိမှု နည်းပါးခြင်း၊ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်ခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းကြောင့် ဝင်ငွေနည်းပါးခြင်းတို့ကြောင့် ကိုယ့်ထူကိုယ်ထအိမ်သာများ ဆောက်လုပ်ရန်အတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေသည်။
ယင်းအပြင် စစ်ဘေးရှောင်စခန်းနှင့် အိမ်သာသည် အနည်းငယ်ဝေးလွန်းသောကြောင့် ညအချိန်တွင် အိမ်သာသို့သွားရန် အမျိုးသမီးများအတွက် အဆင်မပြေကြောင်း ပြောကြသည်။
“ညဘက်ဆို မိန်းကလေးတစ်ယောက်တည်း အိမ်သာသို့ မသွားရဲဘူး။ ကျမတို့က ဒီဒေသခံတွေ မဟုတ်တော့ ပိုပြီး သတိနဲ့နေရတယ်။ ဒီမှာက ညဘက်ဆို အရက်ဆိုင်တွေ၊ အရက်သမားတွေ ရှိနေတဲ့အတွက် မိန်းကလေးတစ်ယောက်တည်း မသွားရဲကြဘူး။ ကျမမှာ သမီးလေးတစ်ယောက်ရှိတယ်။ ညဘက် အိမ်သာသွားမယ်ဆို အမြဲတမ်း လိုက်ပို့နေရတယ်။ လိုက်မပို့ရင် စိတ်မချရဘူး” ဟု နောက်ထပ် စစ်ဘေးရှောင်တစ်ဦးဖြစ်သူ မသန်းသန်းစိုးက ပြောသည်။
စစ်ဘေးရှောင်များသည် စားဝတ်နေရေး ကျပ်တည်းမှုဒဏ်၊ သဘာဝဘေးဒဏ်များကို ခံစားနေကြရသည့်အပြင် အိမ်သာများ သန့်ရှင်းမှုမရှိသောကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာအတွက် စိုးရိမ်နေကြသည်။
ယင်းအပြင် ကျောက်ဖြူမြို့နယ် စစ်ဘေးရှောင်စခန်းများတွင်လည်း အမျိုးသမီးများအပါအဝင် လူဦးရေ သောင်းနှင့်ချီနေပြီး အိမ်သာ အလုံအလောက်မရှိသည့်အတွက် အမျိုးသမီးများအတွက် စိုးရိမ်စရာတစ်ခု ဖြစ်နေသည်ဟု ဆိုသည်။
“အမျိုးသမီးတွေ လုံခြုံဖို့အတွက်ဆို အိမ်သာက အရမ်းအရေးကြီးပါတယ်။ ဒီမှာက လူဦးရေ အရမ်းများပြီး အိမ်သာ ၃ လုံး၊ ၄ လုံးလောက်သာ ရှိပါတယ်။ ရှိတဲ့အိမ်သာတွေကလည်း အမိုးအကာ လုံခြုံမှုမရှိဘူး။ တစ်ခါတလေ အိမ်သာတက်ဖို့ လူအရမ်းများတဲ့အချိန်တွေဆို တစ်ယောက်တည်း မသွားရဲတဲ့အတွက် သူငယ်ချင်းတွေအတူ တောတိုးသွားရတယ်။ အဲဒီအချိန်ဆို တစ်ယောက်ယောက်ကများ ဗီဒီယိုရိုက်ထားမှာလား၊ ချောင်းကြည့်နေကြလားဆိုပြီးတော့ အရမ်းစိုးရိမ်ပြီးတော့ မလုံခြုံတာတွေဖြစ်တယ်” ဟု ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင် မနန္ဒဝင်းက ပြောသည်။
အလားတူ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ အမ်း၊ ဂွနှင့် တောင်ကုတ် စသည့် စစ်ဘေးရှောင်စခန်းတို့တွင်လည်း အိမ်သာအလုံအလောက်မရှိခြင်းနှင့် အမိုးအကာလုံခြုံမှုမရှိသည့်အတွက် အမျိုးသမီးများ စိုးရိမ်စရာတစ်ခုဖြစ်နေသည်ဟု ဆိုကြသည်။
ယင်းအပြင် အမျိုးသမီးများသည် လူဦးရေ ထူထပ်ပြွတ်သိပ်စွာ နေထိုင်ကြရသည့် စစ်ဘေးရှောင်စခန်းများတွင် အမိုးအကာ မလုံခြုံသဖြင့် ရေချိုး အဝတ်လဲချိန် စသည့် နေ့စဉ်လုပ်ငန်းများတွင်လည်း စိတ်ပိုင်း/ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုများကို ခံစားနေကြရခြင်းဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း စခန်းနေ အရွယ်ရောက် အမျိုးသမီးများအတွက် လစဉ်သုံးပစ္စည်းများလည်း လိုအပ်ချက်မြင့်မားနေကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ခဲ့သည့် ရခိုင်မြို့သိမ်းတိုက်ပွဲအတွင်း ရခိုင်ပြည်သူ ၆ သိန်းကျော် နေရပ်စွန့်ခွာနေကြပြီး ယင်းအထဲတွင် အမျိုးသမီးသက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ ကူညီထောက်ပံ့မှုရရှိမှု နည်းပါးခြင်း၊ ကုန်ဈေးနှုန်း မြင့်တက်ခြင်း၊ အလုပ်အကိုင်ရှားပါးသည့်အပြင် သဘာဝဘေးအန္တရာယ်တို့ကိုလည်း ထပ်ဆင့် ကြုံနေကြရသည်။
DMG