အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ်ထဲရှိ မြို့သစ်မြို့ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်သိမ်းပိုက်ထိန်းချုပ်နိုင်

By MPM 14 မေ, 2024 👁

အိန္ဒိယ – မြန်မာနယ်စပ်၊ တမူးမြို့နယ်အတွင်းပါဝင်သည့် မြို့သစ်မြို့ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မေလ ၁၁ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမှတ် (၁) စစ်ဒေသက ကြေညာသည်။

တမူးမြို့နယ်အတွင်းရှိ မြို့သစ်မြို့ကို အခြေပြုနေသည့် စစ်ကောင်စီ ခလရ – ၂၂၈ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မြို့သစ်မြို့ကို ထိန်းချုပ်လိုက်နိုင်ခြင်း ဖြစ်သည်ဟု NUG က ကြေညာခဲ့ခြင်း ဖြစ်သည်။

“ကမ်ဂျုံးမ်နဲ့ တအားနီးတယ်၊ သူတို့တွေ တိုက်ခိုက်ကြတဲ့နေရာဟာ၊ မနေ့က (မေလ ၁၁) ရက်နေ့မှာ ငြိမ်သွားတယ်၊ PDF တွေ စခန်းသိမ်းလိုက်နိုင်ပြီထင်တယ်” ဟု အိန္ဒိယနိုင်ငံအတွင်း စစ်ရှောင်နေသည့် မြို့သစ်ဒေသခံတစ်ဦးက ပြောဆိုသည်။

မြို့သစ်မြို့ ဘုရားကုန်းတွင် အခြေပြုထားသည့် စစ်ကောင်စီ ခလရ ၂၂၈ ၊ SNA တပ်မဟာ – ၈၉၁ (တပ်ရင်း-၃)၊ ကသည်းတပ်ဖွဲ့၊ ရဲနှင့် ပူးပေါင်းအင်အားပါ ၂၅​၀ ခန့်ကို တမူးခရိုင် တပ်ရင်း – ၂ ၊ အထူးလှုပ်ရှား တပ်ရင်း – ၉ ၊ ကူကီးအမျိုးသားတပ်မတော် KNA (B) ၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) တို့က ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း အမှတ် (၁) စစ်ဒေသ၏ ထုတ်ပြန်ကြေညာချက်ထဲတွင် ဖော်ပြပါရှိသည်။

မြို့သစ်မြို့အခြေပြု စစ်ကောင်စီ ခလရ – ၂၂၈ တပ်ရင်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မေလ ၇ ရက်နေ့ မှ စတင်ပြီး မေလ ၁၁ ရက်နေ့အထိ ၅ ရက်ကြာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းမှူးအပါအဝင် ရဲ ၂၁ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

တမူးမြို့နယ်အတွင်းရှိ ခမ်းပတ်မြို့ကိုလည်း ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့သည်။

လက်ရှိအချိန်ထိ အိန္ဒိယ-မြန်မာနယ်စပ်ရှိ နယ်စပ်မြို့နှစ်ခုကို တော်လှန်ရေးအင်အားစုများဘက်က သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သလို အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်အစိုးရကလည်း စစ်ဘေးတိမ်းရှောင်သူများကို နေရပ် ပြန်ပို့ရေး ပြင်ဆင်မှုများ ဆက်တိုက်ပြုလုပ်လာကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူများက ပြောသည်။

“အခုအနေအထားက ထိလွယ်ရှလွယ်တဲ့ အနေအထား ဖြစ်နေတယ်။ အိန္ဒိယအစိုးရကလည်း မြန်မာနိုင်ငံက တရားမဝင် ဝင်ရောက်နေသူ (စစ်ဘေးတိမ်းရှောင်သွားတဲ့သူ) တွေကို ပြန်ပို့မယ်ဆိုတာ ဆုံးဖြတ်ချက်ချထားတယ်။ ဘာမှမကူညီနိုင်တာကိုတော့ ဝမ်းနည်းမိတယ်” ဟု အိန္ဒိယနိုင်ငံအတွင်း၌ ကူညီပေးနေသည့် လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြို့သစ်မြို့အနီးတိုက်ပွဲကြောင့် သနန်ကျေးရွာ ၊ စိုးသာယာ ၊ အောင်ဇေယျ ကျေးရွာတို့မှ ဒေသခံရှမ်းနီတိုင်းရင်းသား ၃ ထောင်ကျော်သည် အိန္ဒိယနိုင်ငံ ကမ်းဂျွန်းမ်းခရိုင်ကို ထွက်ပြေးခိုလှုံ ခဲ့ကြရပြီး လက်ရှိအချိန်ထိ စစ်ဘေးတိမ်းရှောင်နေကြရဆဲ ဖြစ်သည်။

ခမ်းပတ်မြို့မှ ဒေသခံထောင်နှင့်ချီသည်လည်း အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်အတွင်းကို ဝင်ရောက်ခိုလှုံနေပြီး မဏိပူရ်ပြည်နယ်အစိုးရက လူသားချင်းစာနာမှု အကူအညီများ ဆောင်ရွက်ပေးထားကြောင်းသိရသည်။

ခမ်းပတ်မြို့တွင် ၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဌာန၏ စာရင်းများအရ လူဦးရေ ၁၉,၀၀၀ ကျော် နေထိုင်ပြီး မြို့သစ်မြို့တွင် လူဦးရေ ၂,၀၀၀ နီးပါး နေထိုင်ကြောင်း သိရသည်။

ရှမ်းနီအသံ ပေးပို့သည်။