အာဏာသိမ်းစစ်တပ်၏ ပုဏ္ဏားကျွန်းမြို့နယ်တောင်ပိုင်း ထိုးစစ်အကျအဆုံးများပြီး ရပ်တန့်နေ

By MPM 6 စက်တင်ဘာ, 2026 👁 40

အင်အားအလုံးအရင်းဖြင့် ကြည်း၊ ရေ၊ လေ အသုံးကာ စက်တင်ဘာ ၄ ရက်နေ့က စတင်ခဲ့သော အာဏာသိမ်းစစ်တပ်၏ ပုဏ္ဏားကျွန်းမြို့နယ်တောင်ပိုင်း ထိုးစစ်မှာ အကျအဆုံးများပြီးနောက် ရပ်တန့်နေကြောင်း သတင်းရရှိသည်။ 

“အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ စစ်တွေမြို့နယ်နဲ့အစပ် ပုဏ္ဏားကျွန်းမြို့နယ်တောင်ပိုင်း ကျေးရွာတွေကိုထိုးစစ်ဆင်လာတာပါ။ လေကြောင်းကနေ အကြီးအကျယ်ဗုံးကြဲချတယ်။ ရေတပ်က လက်နက်ကြီးတွေနဲ့ အကြီးအကျယ်ပစ်တယ်။ မြေပြင်ကနေ စစ်ကြောင်းထိုးတယ်။ ဒါပေမယ့်လက်ရှိမှာ အကျအဆုံးများတော့ တချို့နေရာတွေမှာ စကမ စစ်ကြောင်းတွေ နောက်ဆုတ်သွားရပြီး ထိုးစစ်ရပ်နေပါတယ်” ဟု ဒေသတွင်း စစ်ရေးရင်းမြစ်တစ်ခုက နိရဉ္စရာကို ပြောသည်။

အာဏာသိမ်းစစ်တပ်သည် ရွှေမင်းဂံဘက်၊ တောကန်၊  ရဲရိုးပြင်၊ ဝါဘို၊ ရွာဟောင်းချောင်းနှင့် အမြင့်ကျွန်း (မင်းချောင်း) စသည့်နေရာများမှ အာရက္ခတပ်တော်ရှိရာ ပုဏ္ဏားကျွန်းမြို့နယ်တောင်ပိုင်း ကျေးရွာများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“တိုက်ပွဲအပြင်းဆုံးနေရာက ရွှေမင်းဂံဘက်လို့ သိရပါတယ်။ နေဗီတွေက ကုလားတန်မြစ်ကြောင်းအတိုင်း ဝင်လာပြီး ပစ်ကူသလို လေယာဉ်တွေနဲ့ ပစ်တာတွေလည်းရှိတယ်။ စစ်ကြောင်းတွေက ရွှေမင်းဂံဖက်ကလည်းတက်တယ်။ တောကန်ဖက်ကလည်းတက်တယ်။ အဓိက အဲဒီရွှေမင်းဂံချောင်းကို ကျော်ပြီးတက်လာတာပါ။ အဲဒီမှာ AA က အနားကို ရောက်လာမှ တစ်ယောက်ချင်းစီပစ်လို့ တော်တော်များများ သေတယ်လို့ သိရပါတယ်” ဟု ပြောဆိုသည်။

တိုက်ပွဲတွင် အကျအဆုံးများသည်မှာ ပြည်သူ့စစ် စစ်မှုထမ်းတပ်သားသစ် (ပစ) များဖြစ်ကြောင်း သိရှိရသည်ဟု ဆိုသည်။

“မနေ့ညစက်တင်ဘာ ၄ ရက်နေ့  ညနေဖက် မင်းလှရွာဖက်ကို ဗုံးကြဲတယ်။ ပြီးတော့လက်နက်ကြီးပစ်တယ်။ ညတွင်းချင်းစကစဖက်က AA ရှိတဲ့ ဘက်ကို ထိုးတက်တယ်။ AA ဖက်ကလည်းပြန်တိုက်တယ်။ တက်လာတဲ့အထဲမှာ (ပစ) တွေက စစ်ရေးနားမလည်လို့ အသေများတယ်လို့ သိရပါတယ်။ မြေပြင်မှာ မီးကျောင်းတွားတောင်မတွားတတ်တော့ ခေါင်းထောင်လာတာနဲ့ သေတယ်လို့ ပြောပါတယ်” ဟု ပြောဆိုသည်။

တချိန်တည်းတွင် အာဏာသိမ်းစစ်တပ်သည် အမြင့်ကျွန်းဘက်တွင်လည်း ရေတပ်နှင့် လေတပ်ပစ်ကူယူပြီး မင်းချောင်းတံတားတစ်ဘက်၊  မြောက်ဘက်ခြမ်းထိ ထိုးစစ်ဆင်လာသော်လည်း လက်ရှိတွင် အကျဆုံးများပြီး တံတားဘက်သို့ ပြန်နောက်ဆုတ်သွားခဲ့သည်ဟု ဒေသခံစစ်ရေးရင်းမြစ်က ပြောသည်။

၎င်းနောက် စစ်တွေ အခြေစိုက်တပ်ရင်းများ အမြောက်ကြီးထိုင်ပြီးပစ်ခတ်သည့်အပြင် ဒရုန်းများနှင့် ပါကွမ်းတောင်ကျေးရွာ အနီးပတ်ဝန်းကျင်တွေကို ဆက်တိုက် ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု ၎င်းကပြောသည်။

တိုက်ပွဲများအတွင်း အာရက္ခတပ်တော်ဘက်က အထိအခိုက်အကျအဆုံး တချို့ရှိကြောင်း ကြားသိရသည်ဟု ဒေသခံတချို့က ပြောကြားသော်လည်း AA ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမျိုးမရှိသဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

“ကိုယ့်ဖက်က လူအင်အားနည်းလို့ ကွမ်းတောင်နားက ကာကင်းငယ်တခု ဆုတ်ပေးလိုက်ရတယ်လို့သိရပါတယ်။ ချက်ချင်းအင်အားဖြည့်ပြန်တိုက်တော့စစ်တပ်က အကျအဆုံးများပြီး ပြန်နောက်ဆုတ် သွားပါတယ်။ စပါးထားဘက်မှာတော့ ကိုယ့်ဘက်ကအသာရပြီး ခွေးတွေအကျများပြီးတော့ တပ်ဆုတ်သွားတယ်လို့ကြားရပါတယ်။ တက်လာတဲ့စစ်ခွေးတွေသေတာ မြင်မကောင်းဘူးလို့ပြောပါတယ်” ဟု ပြောဆိုသည်။

အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ ထိုးစစ်နောက်ဆုတ်ပြီးနောက် ရပ်တန့်သွားသော်လည်း ရေတပ်စစ်ရေယာဉ်များနှင့် စစ်တွေအခြေစိုက်တပ်ရင်းများက မကြာမကြာ လက်နက်ကြီးများဖြင့် ပုဏ္ဏားကျွန်းမြို့နယ်တောင်ပိုင်းကို ပစ်ခတ်နေသည်ဟု သိရသည်။

နိရဉ္စရာ