စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်းကြောင့် နိုင်ငံရေးအကျဉ်းသားများ သေဆုံးမှုနှုန်း မြင့်တက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။
PPNM ၏ အချက်အလက်များအရ ၂၀၂၁ ခုနှစ် ဇူလိုင်လမှ ယခုနှစ် မေလအထိ အကျဉ်းထောင်ပေါင်း ၃၂ ခု၌ နိုင်ငံရေးအကျဉ်းသား ၁၄၈ ဦး အသက်ဆုံးရှုံးခဲ့ရသည်။
ထိုသို့ သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းချက်ကြောင့်ဖြစ်သည်။
ထိုသူတို့အနက် အမျိုးသား ၈၆ ရာခိုင်နှုန်း၊ အမျိုးသမီး ၁၃ ရာခိုင်နှုန်းနှင့် LGBT ၁ ရာခိုင်နှုန်းပါဝင်ကြောင်း PPNM ၏ စာရင်းများအရ သိရသည်။
PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “လက်ရှိအထိ PPNM အဖွဲ့အစည်းတစ်ခုတည်းရဲ့ အတည် ပြုထားမှုအရတော့ ၁၄၈ ဦးလောက် အနည်းဆုံးကျဆုံးခဲ့တယ်။ အကျဉ်းထောင်တွေမှာ ကျန်းမာရေး စောင့် ရှောက်မှု လုံလောက်စွာမရှိတဲ့ အခြေအနေတွေကို မီးမောင်းထိုးပြနေတဲ့ အခြေအနေ နိုင်ငံရေးအကျဉ်းသားတွေ ကိုယ်တိုင် အသက်တွေပေးပြီးမှ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ဘူးဆိုတာကို သက်သေ ပြသွားရတဲ့ အခြေအနေတွေ ဖြစ်ပါတယ်” ဟု ပြောသည်။
ထောင်တွင်း သတင်းအမှောင်ချ ပိတ်ဆို့မှုများကြောင့် မြေပြင်တွင် ဖြစ်ပွားနေသည့် အမှန်တကယ် သေဆုံးမှု အရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း PPNM က သတိပေးထားသည်။
သေဆုံးသူများထဲတွင် အသက် ၃၆ နှစ်မှ ၅၅ နှစ်ကြား လုပ်ငန်းခွင်ဝင်နိုင်သည့်အရွယ်များ အများဆုံးဖြစ်ပြီး အင်းစိန်နှင့် အိုးဘိုအကျဉ်းထောင်တို့တွင် သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်သည်။
သေဆုံးရသည့် အကြောင်းရင်းများတွင် နှလုံး၊ သွေးတိုး၊ ဆီးချိုနှင့် ကင်ဆာကဲ့သို့ နာတာရှည်ရောဂါများကြောင့် ၆၄ မှု၊ ကိုဗစ်-၁၉ နှင့် တီဘီရောဂါကဲ့သို့ ကူးစက်ရောဂါများကြောင့် ၁၆ မှု၊ စစ်ဆေးမေးမြန်းစဉ် ညှဉ်းပန်းနှိပ်စက် ခံရမှုကြောင့် ၇ မှု ရှိကြောင်း ဖော်ပြထားသည်။
ထို့ပြင် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ ပြင်းထန်သော ဖျားနာမှုနှင့် အာဟာရချို့တဲ့မှုများ ကြောင့်လည်း အသက်ဆုံးရှုံးခဲ့ရသည်။
ကိုသိုက်ထွန်းဦးက “အကျဉ်းထောင်ထဲမှာ နာတာရှည်တာတင်မက အသက်အရွယ် ငယ်ရွယ်နုပျိုတဲ့သူတွေပါ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တဲ့အခါမျိုးမှာ ကျဆုံးခဲ့ရတဲ့ အခြေအနေတွေ ဖြစ်ပါ တယ်။ သက်ကြီးရွယ်အိုတွေအတွက်လည်း လုံလောက်တဲ့ ထောက်ပံ့ကူညီမှုတွေ၊ ကျန်းမာရေး အားကောင်း စေရေး စီမံချက်တွေ မရှိနေပါဘူး။ ဒီလို မရှိနေမှုအပြင် ထောင်ထဲမှာ ခန္ဓာကိုယ်သန်စွမ်းပါတယ်ဆိုတဲ့ လူငယ် တွေတောင် ရောဂါရဲ့ဒဏ်နဲ့ ထောင်တွင်း အာဟာရပြည့်ဝမှုမရှိမှု ဒီဟာကို ရေရှည် ရင်ဆိုင်လာရတဲ့အခါမှာ ကျန်းမာရေးတွေ ထိခိုက်ပြီးတော့မှ သေဆုံးမှုတွေ ရှိခဲ့ပါတယ်” ဟု ဆက်ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ကလည်း ပဲခူးတိုင်း၊ ပေါင်းတည်အကျဉ်းထောင်တွင် အသက် ၇၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးထွန်းမြင့်မှာ ဆေးဝါးစောင့်ရှောက်မှု မလုံလောက်သဖြင့် ကျဆုံးခဲ့သည်။
PPNM အနေဖြင့် အကျဉ်းသား အခွင့်အရေးများကို ပြင်းထန်စွာ ချိုးဖောက်နေသည့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် အကျဉ်းဦးစီးဌာနတို့၏ လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။
NMG