အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုကို အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် ရခိုင်လွတ်မြောက်နယ်မြေတွင် ပြုလုပ်နေသည်ဟု သိရသည်။
အဆိုပါလှုပ်ရှားမှုကို Women Generation အဖွဲ့က နိုဝင်ဘာလ ၂၅ ရက်မှစတင်ကာ ဒီဇင်ဘာလ ၁ဝ ရက်အထိ ရခိုင်လွတ်မြောက်နယ်မြေရှိ မြို့နယ်တစ်ခုတွင် ပြုလုပ်နေခြင်းဖြစ်သည်ဟု ယနေ့ နိုဝင်ဘာလ ၂၆ ရက်တွင် ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။
အဆိုပါလှုပ်ရှားမှုတွင် ရခိုင်အမျိုးသမီးငယ်များအပါအဝင် မွတ်ဆလင်အမျိုးသမီးအချို့လည်း ပါဝင်လှုပ်ရှားနေကြသည်ကို တွေ့ရသည်။
“သူငယ်ချင်း၊ မိတ်ဆွေ၊ ညီအစ်ကိုမောင်နှမ၊ လုပ်ဖော်ကိုင်ဖက်၊ မိတ်ဖက်အဖွဲ့တွေအနေနဲ့ ဒီနေ့ရက်ကနေစပြီး လိင်/ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့၊ ကာကွယ်တားဆီးဖို့နဲ့ နေရက်တိုင်းမှာ အချင်းချင်းကြား အပြန်အလှန်လေးစားတန်ဖိုးထားမှု၊ ကိုယ်ချင်းစာနာမှုတွေကို မြှင့်တင်လို့ အိမ်တွင်းရေးသာယာခြင်းမှသည် ရပ်ရွာဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အားလုံးဝိုင်းဝန်းပြီး ဖော်ဆောင်သွားကြဖို့ကို တိုက်တွန်းလိုက်ပါတယ်” ဟု Women Generation အဖွဲ့က ပြောဆိုထားသည်။
အဆိုပါလှုပ်ရှားမှုတွင် အမျိုးသမီးများ (ကြီး/ငယ်မရွေး) အပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် စည်းရှုံးလှုံ့ဆော်မှုများ၊ အကြမ်းဖက်မှုများကြုံတွေ့ရပါက နှုတ်ဆိတ်မနေဘဲ ဆန့်ကျင်ကြရန်၊ အချင်းချင်း ကာကွယ်ကြရန်နှင့် အမျိုးသမီးအချင်းချင်း စည်းလုံးကြရန် စသည့်ဟောပြောမှုများကို ပြုလုပ်နေကြသည်ဟု သိရသည်။
Women Generation သည် လိင်/ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုများ လျှော့ချရေးနှင့် ပပျောက်ရေးအတွက် လက်ရှိအချိန်ထိ တစိုက်မတ်မတ်လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။
ဆက်လက်ပြီးလည်း လိင်/ဂျဲန်ဒါအခြေပြုပြီး ခွဲခြားဆက်ဆံမှုများ၊ ဖယ်ကြည်မှုများ၊ အကြမ်းဖက်မှုများရှိနေသရွေ့ ယင်းအရာများကို လျှော့ချရန်နှင့် ပပျောက်စေရန် စွမ်းစွမ်းတမံ ဖော်ဆောင်သွားမည်ဟုလည်း ဆိုထားသည်။
နိုဝင်ဘာလ ၂၅ ရက်သည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ဖြစ်သည်ဟု သိရသည်။
၁၉၆ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၅ ရက်တွင် ဒိုမီနီကမ်နိုင်ငံ၌ အာဏာရှင်စနစ်ဆန့်ကျင်ပြီး လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစနစ်ထွန်းကားရေးတို့အတွက် တက်ကြွဆောင်ရွက်ခဲ့သည့် အမျိုးသမီးညီအစ်မနှစ်ဦး လုပ်ကြံသတ်ဖြတ်ခံလိုက်ရသောနေ့ကို အစွဲပြု၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အဖြစ် တစ်ကမ္ဘာလုံးက သတ်မှတ်ထားခြင်းဖြစ်သည်ဟု သိရသည်။
နိရဉ္စရာ