ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ် ရိုးတောင်ကျော်လမ်းရှိ အာရက္ခတပ်တော် (AA) ထံ ပိတ်မိနေသည့် နတ်ရေကန်ဗျူဟာကုန်းအနီးတဝိုက်ကို အကြမ်းဖက်စစ်အုပ်စုက ပြီးခဲ့သည့်ညဉ့်အချိန်က ဗုံးအလုံး ရာနှင့်ချီ လာကြဲခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ညဉ့် ၁၂ နာရီကျော်မှစတင်ကာ အာဏာသိမ်းစစ်အုပ်စု၏ ဂျက်တိုက်လေယာဉ်လေးစီးနှင့် Y-12 နှစ်စီးတို့ဖြင့် ဗုံးများ အဆက်မပြတ်ကြဲချခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။
“ဂျက်ပါ၊ Y-12 ပါ လာကြဲတာ။ အဓိက ချင်းဒေသခံတောင်ယာလုပ်နေတဲ့သူတွေလည်း ထိခိုက်မှုရှိတယ်လို့ သိရတယ်” ဟု ပြောသည်။ ထိခိုက်မှုအသေးစိတ်ကို နိရဉ္စရာက ဆက်လက်စုံစမ်းလျက်ရှိပါသည်။
နတ်ရေကန်ဗျူဟာကုန်းသည် AA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ထံ ကာလရှည်ကြာပိတ်မိနေသည့် အာဏာသိမ်းစစ်အုပ်စု၏ ဗျူဟာကုန်းတစ်ခုဖြစ်သည်။
အဆိုပါနတ်ရေကန်စစ်မျက်နှာသို့ စစ်အုပ်စုက အင်အားအများအပြား ပို့ဆောင်သော်လည်း AA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့၏ချေမှုန်းမှုကြောင့် အထိနာလျက်ရှိသည်ဟု သိရသည်။
အာဏာသိမ်းစစ်တပ်ခြေကုပ်နေရာယူထားသော နတ်ရေကန်စစ်မျက်နှာရှိ ယာယီစစ်စခန်းများသို့ ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကား ၇၀ ခန့်ဖြင့် စစ်အင်အားအများအပြားကို ဖြည့်တင်းခဲ့သည်။
ယင်းသို့စစ်အင်အားလာဖြည့်စဉ် AA ဘက်က ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အာဏာသိမ်းစစ်အုပ်စု၏ စစ်သားအများအပြား အထိနာသွားခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
စစ်အင်အားလာဖြည့်သည့် စစ်ကားများသည် ဇူလိုင်လ ၂၇ ရက်၊ နံနက်အစောတွင် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) (၁၄)၊ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ ၉၀၅) မှ လူနာစစ်သားများနှင့် ယခုလတ်တလော ဒဏ်ရာရထားသည့် စစ်သားများကိုပါ တင်ဆောင်ကာ ပဒါန်းမှတဆင့် မင်းဘူးဖက်သို့ ထွက်ခွာသွားသည် သိရသည်။
အာဏာသိမ်းစစ်တပ်သည် နတ်ရေကန်သို့ စစ်ကူစစ်ကြောင်းများဖြင့် စစ်ဆင်တိုက်ခိုက်မှုကို ဇူလိုင်လ လဆန်းပိုင်းမှစပြီး ရပ်နားထားသော်လည်း လက်နက်အင်အား၊ လူအင်အားများကို ထပ်မံဖြည့်တင်းလာသဖြင့် တိုက်ပွဲများပြန်လည် ဖြစ်ပွားလာသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဇူလိုင် ၂၅ ရက်ကလည်း နတ်ရေကန်ဗျူဟာကုန်းသို့ ထိုးစစ်ဆင်ရန် အင်အားအသစ်လာဖြည့်သည့် စစ်ကားများကို AA ဘက်က လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
နိရဉ္စရာ