အနန့်ပါ ဗုံးကြဲတိုက်ခိုက်မှုက စစ်ကောင်စီတပ်ဖားကန့်တိုက်ပွဲအထိနာလို့ တန်ပြန်တိုက်ခိုက်တာလို့ KIO ပြောဆို

By MPM 20 အောက်တိုဘာ, 2023 👁

KIA တပ်မဟာ-၉ ဌာနချူပ်နဲ့ အနန့်ပါကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖားကန့် လမ်းတလျှောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိခဲ့တာကြောင့် အခုလို တန်ပြန်တိုက်ခိုက်တာဖြစ်တယ်လို့ KIO က ပြောဆိုသည်။

KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ရက်ပိုင်းမှာပဲ ဖားကန့်ဘက်ကနေ ဆင်းလာတဲ့ စစ်ကြောင်း တွေက နန့်ယားဘက်ကနေ ကားမိုင်းဘက်ကို ပြန်ဆင်းလာတာ မအူပင်နားမှာ တိုက်ခိုက်ခံရတာ ရှိတယ်။ အဲဒီ တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းထဲမှာ စစ်ကြောင်းအရာရှိတစ်ယောက် ထိသွားတယ်။ အဲဒါကြောင့် မကျေနပ်လို့ တပ်မဟာ ၉ နဲ့ အနန့်ပါကို ပြန်တိုက်တာလို့ပဲ မြင်ပါတယ်” လို့ ပြောသည်။

အောက်တိုဘာ ၁၄ ရက်နေ့က ဖားကန့်၊ နန့်ယားစစ်တပ်ကုန်းမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းအဖွဲ့ဟာ ကားမိုင်းဘက်ကို ဦးတည်ပြီး ထွက်ခွာလာချိန် ကားမိုင်းမရောက်မီ မအူပင်ရွာနားမှာ KIA တပ်ရင်း ၄၄ အဖွဲ့က မိုင်းဖြင့် ၃ ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိခဲ့သည်။

အဲဒီစစ်ကြောင်း တိုက်ခိုက်ခံရမှုထဲမှာ စစ်ကောင်စီဘက်က အရာရှိတစ်ယောက် ထိမှန်သွားတာကြောင့် အခုလို စစ်ကောင်စီဘက်က လေကြောင်းနဲ့ ပြန်လည်တိုက်ခိုက်လာတာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂ ရက် အတွင်း အောက်တိုဘာလ ၁၆ ရက်နေ့မှာ KIA တပ်မဟာ ၉ ဌာနချုပ်နဲ့ အနန့်ပါကို စစ်ကောင်စီက တပြိုင်နက် လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အနန့်ပါနဲ့ အနီးမှာရှိတဲ့ ကံဆီး (Ginsi) စစ်တပ်ကုန်းကနေပါ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့သည်။

KIA တပ်မဟာ ၉ ဌာနချုပ် တိုက်ခိုက်ခံရမှုမှာ အထက်တန်း အရာရှိတစ်ယောက် သေဆုံးခဲ့ပြီး ၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပြီး အနန့်ပါ တိုက်ခိုက်ခံရမှုမှာတော့ အရာရှိ ၂ ယောက် သေဆုံးသွားတယ်လို့ KIA တပ်မဟာ ၉ ရှေ့တန်းသတင်းအရင်းအမြစ် တစ်ယောက်က ပြောသည်။

အနန့်ပါမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ၆၀ ကျော် သေဆုံးခဲ့ပြီး၊ သေဆုံးခဲ့တဲ့သူတွေကို မြေမြှုပ်သဂြိုလ်ထားတဲ့ နေရာကို ရှင်းလင်း ဆောင်ရွက်ဖို့ရန်အတွက် လုပ်ဆောင်နေချိန်မှာ စစ်ကောင်စီတပ်က လာရောက်ဗုံးကြဲတာလည်း ဖြစ်တယ်လို့ အဆိုပါ သတင်းအရင်းအမြစ်က ပြောပါသည်။

ဒါ့အပြင် အနန့်ပါ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ထဲမှာ ဂေါက်ကွင်းနေရာနဲ့ စျေးတန်း ၂ နေရာမှာပါ လက်နက်ကြီး ကျမှန်ပေါက်ကွဲခဲ့အတွက် ဆိုင်ခန်းတချို့ ထိမှန်ပျက်စီးမှုရှိခဲ့ပြီး အိမ်မွေးတိရိစ္ဆာန်တချို့ သေဆုံးမှုလည်းရှိခဲ့သည်ဟု ဆိုသည်။

ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်ခံရမှုကို ယခုအောက်တိုဘာလ ၁၆ ရက်မှာ တစ်ကြိမ်၊ အောက်တိုဘာလ ၉ ရက် လိုင်ဇာမုန်လိုင်ခက်မှာ တစ်ကြိမ်၊ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှာ တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် တိုက်ခိုက်ခံရပြီး၊ တိုက်ခိုက်ခံရမှုတိုင်း အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးမှုများ ရှိခဲ့သည်။

KNG ပေးပို့သည်။