အဆုံးသတ်တိုက်ပွဲ ဆင်နွှဲသည့် ကာလကို ရောက်ရှိပြီဟု NUG ပြောဆို

By MPM 8 ဩဂုတ်, 2023 👁

စစ်ကောင်စီကို စစ်မျက်နှာအစုံဖွင့်ပြီး အဆုံးသတ်တိုက်ပွဲကို ဖြစ်နိုင်သမျှ နည်းနာအစုံအလင်ဖြင့် ဆင်နွှဲ နေကြသည့် ကာလကို ရောက်ရှိလာပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က “၃၅” နှစ် မြောက် ရှစ်လေးလုံးလူထုအရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးနှင့်အတူ သမိုင်းအဆက်ဆက် ဆင်နွှဲခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားမှုများကို အကြောင်းပြုပြီး ပြည်သူလူထု တရပ်လုံး၏ အာဏာရှင်တော်လှန်ရေး စိတ်ဓါတ်သည် မျိုးဆက်ချင်းဆီ ကူးအားကောင်းခဲ့သည်ဟု ဖော်ပြထားသည်။

“ခေတ်အဆက်ဆက် အာဏာရှင်တို့ထက်ပင် ပိုမိုရိုင်းစိုင်းယုတ်မာသော စစ်အာဏာရှင်တစ်စု၏ မတရား အာဏာလုယူမှုနှင့် ဖိစီးနှိပ်စက်မှုတို့ကို မြန်မာနိုင်ငံတဝှမ်းရှိ တိုင်းရင်းသားပြည်သူလူထု တရပ်လုံးက စုစည်းညီညွတ်စွာ၊ သန္ဓိဌာန် ခိုင်မြဲစွာဖြင့် စစ်ရေးစစ်မျက်နှာ၊ ဘဏ္ဍာရေးစစ်မျက်နှာ၊ နိုင်ငံခြားရေး စစ်မျက်နှာ၊ လူထုလှုပ်ရှားမှု စစ်မျက်နှာ၊ စိတ်ဓါတ်စစ်ဆင်ရေး စစ်မျက်နှာ စသည်ဖြင့် စစ်မျက်နှာအစုံ ဖွင့်ကာ အဆုံးသတ်တိုက်ပွဲကို ဖြစ်နိုင်သမျှ နည်းနာအစုံအလင် (By All Possible Means) ဖြင့် ကျင့်သုံး၊ ဖော်ဆောင်၊ ဆင်နွှဲနေကြသည့် ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်”ဟု NUG ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထို့အတူ လက်ရှိ စစ်အာဏာရှင်စနစ်၏ အငွေ့အသက်၊ အကြွင်းအကျန် အလျဉ်းကင်းစင်သည့် ဖက်ဒရယ် ဒီမိုကရေစီစနစ်သစ်ဖြင့် အစားထိုးပြောင်းလဲနိုင်ရေးကိုလည်း ဆောင်ရွက်ကြရန် NUG က တိုက်တွန်းထားသည်။

တိုင်းပြည်ငြိမ်းချမ်းရန်အတွက် စစ်အာဏာရှင်စနစ်ကို အထောက်အကူပြုနေသည့် ယန္တယားများ မရှိသောသည့် တနေ့မှ ဖြစ်နိုင်မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်အေးလွင်က ပြောဆိုသည်။

ရဲဘော်အေးလွင်က “ကျနော်တို့ ဒီလွတ်လပ်ရေး ရပြီးကတည်းက တိုင်းပြည်ထဲမှာ စစ်ပွဲတွေ ဖြစ်နေတယ်။ အဲဒီစစ်ပွဲတွေ ဖြစ်နေတဲ့အတွက်ကြောင့် ကျနော်တို့ တိုင်းပြည်မှာ နိမ့်ကျမှုတွေ အများကြီး ဖြစ်နေတယ်။ အဲဒါတွေ မဖြစ်အောင် ကျနော်တို့ ကြားထဲမှာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ဖို့ အတွက်ကတော့ဖြင့် တိုင်းပြည်ငြိမ်းချမ်းဖို့တော့ လိုတာပေါ့။ အဲဒီငြိမ်းချမ်းဖို့ လိုတာကလည်း အခုရှိနေတဲ့ စစ်အာဏာရှင်စနစ်တွေ စစ်အာဏာရှင်စနစ်ကို အထောက်အကူပြုနေတဲ့ ယန္တယားတွေ ဒါတွေ မရှိတဲ့ တနေ့မှ ကျနော်တို့ ဖြစ်နိုင်မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် ကျနော်တို့ ABSDF အနေနဲ့ကတော့ ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့ အားလုံး ပေါင်းပြီးတော့ ကျနော်တို့လိုချင်တဲ့ ရည်မှန်းချက်ကို ရောက်အောင်သွားမယ်လို့ ကျနော်တို့ အဲဒီလိုမျိုး ယုံယုံကြည်ကြည်နဲ့ ကျနော်တို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားမှုနှင့်အတူ လက်နက်ကိုင် နွေဦးတော်လှန်ရေးကို ဆင်နွှဲခဲ့ကြသည်။

ထို့နောက် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျှက်ရှိနေပြီး ပြည်သူလူထုမှာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။

IMNA ပေးပို့သည်။