အာဇာနည်တိုင်း သမိုင်းမသေ နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှု အာဇာနည်နေ့တွင် ပြုလုပ်ရန် GSCB တိုက်တွန်း

By MPM 14 ဇူလိုင်, 2026 👁 47

လာမည့် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့တွင် အာဇာနည်တိုင်း သမိုင်းမသေဟူသော ခေါင်းစဉ်ဖြင့် နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကြီးကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း အထွေထွေ သပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) က ယနေ့ (ဇူလိုင်လ ၁၄ ရက်) တွင် သတင်းထုတ်ပြန် တိုက်တွန်းထားသည်။

အဆိုပါ လှုပ်ရှားမှုကို အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ ခေါင်းဆောင် အာဇာနည် ကိုးဦးနှင့်တကွ အာဇာနည်အပေါင်းအား ဂုဏ်ပြုအောက်မေ့သောအားဖြင့် ဖော်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်ရုပ်ထု၊ လွတ်လပ်ရေးကျောက်တိုင် နဲ့ အာဇာနည်ဂူဗိမာန်များဆီသို့ စုဝေးချီတက်ဂုဏ်ပြုခြင်းနှင့် အထိမ်းအမှတ်ပွဲများ ပြုလုပ်ခြင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့် ဇူလိုင်လ ၁၉ ရက်၊ နံနက် ၁၀ နာရီ ၃၇ မိနစ် အချိန်တိတိတွင် ငြိမ်သက်အလေးပြုခြင်း၊ ဥဩဆွဲခြင်း၊ ဟွန်းတီးခြင်းများ ပြုလုပ်ခြင်းနှင့် အနက်ရောင်အဝတ်အစားများ၊ ဖဲကြိုးများနှင့် ဦးထုတ်များကို ဝတ်ဆင်ခြင်းဖြင့် လှုပ်ရှားမှုတွင် ပါဝင်နိုင်ကြောင်း သိရသည်။

စစ်အုပ်စုက ရုပ်တုများကို ဖြိုချဖျက်ဆီးနိုင်သော်လည်း အများပြည်သူရင်ထဲရှိ အာဇာနည်စိတ်ဓာတ်ကိုမူ ဖျက်ဆီးဖြိုချနိုင်မည်မဟုတ်ကြောင်း ယခုလှုပ်ရှားမှုဖြင့် သက်သေပြသွားမည်ဟု GSCB က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဥ်းသားများအား ချက်ချင်းလွှတ်ပေးရန်၊ စစ်မှုထမ်းဥပဒေ ဖျက်သိမ်းပေးရန်၊ ဦးဝင်မြင့်သည် နိုင်ငံတော်သမ္မတဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည်သာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုရန် တို့ကိုလည်း တောင်းဆိုထားသည်။

စစ်အုပ်စုသည် မျိုးဆက်သစ်လူငယ်များအတွင်း စစ်ဝါဒမှိုင်းတိုက်ခြင်း၊ သမိုင်းအတုအယောင်များ ဖြန့်ဖြူးခြင်းနှင့် လွတ်လပ်ရေးသမိုင်းကြောင်းများကို ပုံဖျက်ဖျောက်ဖျက်ရန် ကြိုးပမ်းလျက်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်တုများကို အမြို့မြို့အနယ်နယ်တွင် ဖျက်ဆီးဖယ်ရှားခြင်းဖြင့် အောင်ဆန်းစိတ်ဓာတ်၊ အာဇာနည်စိတ်ဓာတ်များကို ချိုးနှိမ်ရန် လုပ်ဆောင်နေသည်ဟု GSCB က ထောက်ပြထားသည်။

မဇ္ဈိမ