ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် သူဌေးရေအားလျှပ်စစ်စီမံကိန်း လုပ်ဆောင်နေမှုကို ရပ်တန့်ထားရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါစီမံကိန်းသည် သံတွဲမြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာတွင် သူဌေးချောင်းရေကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။
လက်ရှိတွင် စီမံကိန်းအနီး တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ပညာရှင်များနှင့် ဝန်ထမ်းများမှာ ဧပြီလ ၂၆ ရက်မှစ၍ စစ်ဘေးတိမ်းရှောင်သွားကြသဖြင့် စီမံကိန်းတည်ဆောက်မှု ရပ်တန့်သွားခြင်း ဖြစ်သည်။
“အဲဒီစီမံကိန်းအနီးမှာ တိုက်ပွဲတွေ ဖြစ်နေလို့ ဝန်ထမ်းတွေအကုန်လုံးက သံတွဲမြို့ဘက် ရွေ့ပြောင်းသွားကြပြီ။ စီမံကိန်းလည်း ရပ်ဆိုင်းသွားပြီ” ဟု စီမံကိန်းအနီးအနားမှ ဒေသခံတစ်ဦးက ပြောသည်။
သူဌေးရေအားလျှပ်စစ်စီမံကိန်းကို နှစ် ၃၀ စီမံကိန်းဖြင့် ၂၀၀၈ ခုနှစ်မှ၍ အကောင်အထည် ဖော်နေခြင်းဖြစ်သည်။ လက်ရှိတွင် ၈၀ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးကာ ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်တွင် စီမံကိန်းတစ်ခုလုံး တည်ဆောက်မှု ပြီးစီးမည်ဟု လျှပ်စစ်ဝန်ကြီးဌာနက ပြောထားသည်။
စီမံကိန်းကို ၃၇ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်သုံးလုံးဖြင့် လည်ပတ်ကာ တစ်နှစ်လျှင် ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၃၈၆ သန်း ထုတ်လုပ်ရန် စီစဉ်ထားသော်လည်း လက်ရှိတွင် တိုက်ပွဲကြောင့် စီမံကိန်း ရပ်တန့်နေသည်။
ထိုစီမံကိန်းအနီးရှိ ရွှေလှေ၊ ရေကောက်၊ ပုရစ်ကျေးရွာ အနီးတို့တွင် ဧပြီလ ၂၄ ရက်မှ စ၍ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်လျက် ရှိသည်။
ယနေ့ ဧပြီလ ၂၉ ရက်တွင် သံတွဲမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှု မရှိသော်လည်း စစ်ကောင်စီနေဗီများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေကြောင်း ဒေသခံများက ပြောသည်။
“ဒီနေ့ နှစ်ဖက်တိုက်ပွဲ ဖြစ်တာတော့ မရှိသေးဘူး။ ဒါပေမယ့် စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိတယ်။ ဒေသခံတွေမှာတော့ လက်နက်ကြီးကျမှာကို စိုးရိမ်နေရတယ်” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။
သံတွဲမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့သည် ဧပြီလ ၁၃ ရက်မှစကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြပြီး လက်ရှိတွင် တိုက်ပွဲဧရိယာ ကျယ်ပြန့်လာနေသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစသည့် ရခိုင်တိုက်ပွဲ ၅ လကျော်အတွင်း ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထားသည်။
လက်ရှိတွင်လည်း အမ်း၊ သံတွဲ၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေသည်။
အောင်ထိန် (DMG) ပေးပို့သည်။