သမ္မတဦးဝင်းမြင့် မိသားစုထံပြန်လည်ရောက်ရှိမှုအပေါ် ဝမ်းမြောက်ကြောင်း SCEF က သဝဏ်လွှာပို့

By MPM 23 ဧပြီ, 2026 👁 2

စစ်အုပ်စုဖမ်းဆီးထောင်ချခံခဲ့ရသည့် သမ္မတဦးဝင်းမြင့် သူ၏မိသားစုထံပြန်လည်ရောက်ရှိလာမှုအပေါ် ဝမ်းမြောက်ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးပါဝင်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ – SCEF က ဧပြီ (၂၂) ရက်တွင် သဝဏ်လွှာပေးပို့သည်။

ပြီးခဲ့သည့် ဧပြီလ (၁၇) ရက်နေ့က စစ်အုပ်စုသည် နိုင်ငံရေးကြောင့်အကျဥ်းကျခံနေရသူများအပါအဝင် ၎င်းတို့ဖမ်းဆီးထောင်ချထားသူများကို လွတ်ငြိမ်းခွင့်ပေးခဲ့ရာ စစ်အုပ်စုဖမ်းဆီးထောင်ချခံထားရသော ပြည်သူ့ရွေးကောက်ခံသမ္မတ ဦးဝင်းမြင့်လည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။

SCEF ၏သဝဏ်လွှာတွင် “(၅) နှစ်ကျော်ကြာ မတရားဖမ်းဆီးခံခဲ့ရသည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်” ဟု သုံးနှုန်းဖော်ပြခဲ့ပြီး အကျဥ်းထောင်မှလွတ်မြောက်လာပြီးနောက် သူ၏မိသားစုနှင့်ပြန်လည်တွေ့ဆုံခြင်းအပေါ် ဝမ်းမြောက်ကြောင်း SCEF က ဆိုသည်။

ထို့အပြင် သမ္မတဦးဝင်းမြင့်အနေဖြင့် နိုင်ငံနှင့်လူထုအကျိုး ဆက်လက်လုပ်ဆောင်နိုင်ရန်လည်း ထည့်သွင်းဖော်ပြထားသည်။

အာဏာသိမ်းပြီးနောက် သမ္မတဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက မဲမသမာမှု၊ ဆူပူအောင်လှုံ့ဆော်မှု၊ အဂတိလိုက်စားမှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မ စသည်တို့ဖြင့် တရားစွဲဆိုကာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

တဖက်တွင်လည်း အာဏာသိမ်းမှုနှင့်ဆက်စပ်ပြီး တော်လှန်ရေး နိုင်ငံရေးလှုပ်ရှားများကို ဖမ်းဆီးထောင်ချမှုများ ယခုအချိန်အထိ စစ်အုပ်စုက လုပ်ဆောင်နေခြင်းကြောင့် လူထုဝေဖန်မှု တောက်လျှောက်ခံနေရခြင်းရှိသည်။

ယင်းကြောင့် နိုင်ငံရေးမှုဖြင့်ဖမ်းဆီးခံရသူများအားလုံး လွတ်မြောက်ရေး နိုင်ငံရေးအကျဥ်းသားအခွင့်အရေး၊ အကျဥ်းထောင်အရေးလုပ်ဆောင်သူများ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ဆက်တိုက်တောင်းဆိုနေကြသည်။

ထိုအခြေအနေတွင် နှစ်ဆန်းတစ်ရက်နေ့ကလွတ်ငြိမ်း၌ ဒေါ်အောင်ဆန်းစုကြည်မပါဝင်လာသလို ကြေညာထားသည့် အကျဥ်းသား (၄,၃၃၅) ဦးအနက် အမှန်တကယ်ထောင်မှလွှတ်ပေးသူ (၁,၀၀၀) ကျော်သာရှိခဲ့ကြောင်း သိရသည်။

၎င်းအနက် နိုင်ငံရေးကြောင့်အကျဥ်းကျခံနေရသူ (၂၉၂) ဦးသာ ပါဝင်ခဲ့သည်ဟုလည်း စောင့်ကြည့်မှတ်တမ်းတင်နေသူများက ပြောသည်။

SCEF အနေဖြင့်မူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကျန်ရှိနေသည့်နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူများအားလုံး ပြန်လည်လွတ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သဝဏ်လွှာတွင် ဖော်ပြသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ-SCEF ကို အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း ကြေညာထားသည့် ကေအဲန်ယူ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIO/KIA) နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုကိုယ်စားပြုလွှတ်တော် (CRPH) တို့ဖြင့် ပြီးခဲ့သည့် မတ်လအကုန်ပိုင်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကေအိုင်စီ