ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းများထဲတွင် ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းစခန်း တစ်ခုသာကျန်ရှိနေပြီး ၃ ရက်မြောက်တဲ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲသည် ဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်လာနေသည်ဟု သိရသည်။
ဝိုင်းမော်မြို့နယ် ဒဘတ်ချောင်း အနီးတဝိုက်ရှိ စစ်ကောင်စီတပ်၏ ဗျူဟာမြောက်တပ်စခန်းများ ဖြစ်သည့် ဘင့်ပူကောင့် (Bin Pu Kawng)၊ ဝထောင်ဘွမ့် (wuhtau Bum)၊ လိုင်ဖောင် (Lai Hpawng)၊ ဒိန်ဂါ (Ding Ga)၊ ရင်ကွဲတောင် (Lung Zep Kadawng)၊ ကဇူး (Katsu)၊ အောင်မြေ (၁)၊ အောင်မြေ (၂)၊ ခါးရှီ (Hka Shi) စသည့် နေရာများရှိ တပ်စခန်းများကို KIA က နှစ်ရက်အတွင်း အပြီးသတ်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုတပ်စခန်းများကို KIA က မေလ ၁၈ ရက်နေ့က စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သုံးရက်မြောက်သည့် မေလ ၂၀ ရက်နေ့၌ နောက်ဆုံးကျန်ရှိနေသည့် ရွှေညောင်ပင် ခမရ ၃၂၁ တပ်စခန်းကို အပြီးသတ်သိမ်းပိုက်ရန် တိုက်ပွဲ ဆက်ဖြစ်နေဆဲ ဖြစ်သည်ဟု KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
“ဝိုင်းမော်ဒေသ တောင်ကုန်းဘက်မှာရှိနေတဲ့ စစ်တပ်စခန်းတွေက မကျန်တော့ဘူး။ ဝထောင်ဘွမ့်၊ ဘင့်ပူကောင့်၊ ဒိန်ဂါ၊ လိုင်ဖောင်တွေလည်း မကျန်တော့ဘူး။ ကဇူးတပ်စခန်းလည်း သိမ်းထားပြီ။ ရွှေညောင်ပင်ရွာမှာလည်း ကျေးရွာတွေက KIA ထိန်းချုပ်ထားနိုင်ပြီ။ တပ်စခန်း အနည်းငယ် ကျန်သေးတယ်။ ဝိုင်းမောက်မြို့အနီး ခါးရှီအထိ သိမ်းထားနိုင်ပြီလို့ ပြောလို့ရပြီ” ဟု ၎င်းက ပြောဆိုသည်။
ရွှေညောင်ပင်ကျေးရွာတွင် မေလ ၂၀ ရက်နေ့ မနက် ၅ နာရီလောက်က နှစ်ဖက်စစ်တပ် တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပြီး လက်ရှိတွင် KIA က ကျေးရွာအား အသာစီး ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပေမယ့် တပ်စခန်းကို အပြီးသတ် သိမ်းဆည်းနိုင်ရန် ကျန်ရှိနေသေးသည်ဟု ဆိုသည်။
သိမ်းဆည်းရန် ကျန်ရှိနေသေးသည့် ကဇူးတပ်စခန်းအကြီးကို မေလ ၁၉ ရက်နေ့ ည ၈ နာရီခန့်တွင် KIA တပ်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ကဇူးတပ်စခန်းက ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်သားများ ဂါးရာယာန် (Ga Ra Yang) ကျေးရွာ၌ အနည်းငယ် ကျန်ရှိနေသည့်အတွက် ရှင်းလင်းရေး ဆောင်ရွက်နေကြောင်း KIA ရှေ့တန်းသတင်းအရင်းအမြစ်က ပြောသည်။
ကဇူးနှင့် ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းတွင် စစ်အင်အား ၂၀၀ ဝန်းကျင်ခန့် ရှိပြီး စစ်ကောင်စီ တပ်သားများက ရွာအတွင်း နေရာယူ ပုန်းခိုခုခံတိုက်ခိုက်နေတာကြောင့် KIA ဘက်က အမြန်သိမ်းယူရန် ခက်ခဲနေကြောင်း သိရသည်။
လက်ရှိတွင် ဝိုင်းမော်မြို့နှင့် အနီးဆုံးဖြစ်သော ကဇူးကျေးရွာကနေ ဝိုင်းမော်မြို့သို့ မရောက်မီ ခါးရှီ (Hka Shi) အထိ KIA တပ်၏ ထိန်းချုပ်နယ်မြေ ဖြစ်သွားပြီး အဆိုပါတကြော၌ ရွှေညောင်ပင်တပ်စခန်း တစ်ခုသာ ကျန်ရှိနေ သည်ဟု ဆိုသည်။
ထို့ကြောင့် တိုက်ပွဲသည် ဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်လာနိုင်သည်ဟု ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ယောက်က ယခုလို ပြောပါသည်။
“ဒီရက်ပိုင်းအတွင်းမှာတောင် ဝိုင်းမော်မြို့ဘက်ကို ရောက်လာနိုင်တယ်။ KIA ဘက်ကလည်း စီမံကိန်း ရှိနေတယ် လို့ မြင်ပါတယ်။ ပြည်သူတွေကိုလည်း သတိပေးထား တာတွေလည်း ရှိတယ်။ မနေ့ညမှာလည်း စန်ကား၊ နောင်းချိန်း၊ ခပ်ချို တွေလည်း မနေ့က တော်တော်ထွက်သွားကြပြီ။ အဲဒါကြောင့် ဝိုင်းမော်မြို့ထဲမှာရှိတဲ့ သူတွေ ကိုလည်း ဖြစ်နိုင်ရင် ယာယီရှောင်ထားကြဖို့ ပြောထားပြီလို့ သိရပါတယ်။ ဒါကြောင့် ဒီတပတ်အတွင်းမှာတောင် ဝိုင်းမော်မြို့ပေါ်ကို ရောက်လာနိုင်တယ်လို့ သုံးသပ်နေကြတယ်” ဟု ၎င်းက ပြောဆိုသည်။
ဝိုင်းမော်မြို့နှင့် အနီးဆုံးဖြစ်သည့် ခပ်ချိုကျေးရွာ လမ်းဆုံနေရာမှာ KIA တပ်တွေ ဝင်ရောက်မလာနိုင်အောင် စစ်တပ်ဘက်ကနေ စစ်အင်အားအလုံးရင်းနှင့် သွားလာခွင့် ပိတ်ဆို့ထားသည်ဟုလည်း သိရသည်။
မေလ ၂၉ ရက် ညပိုင်းက ခပ်ချိုအနီးတဝိုက်တွင် နှစ်ဖက်တပ်ပစ်ခတ်မှု ရှိလာတာကြောင့် ဝိုင်းမော်မြို့ပေါ်ရှိ ပြည်သူတစ်ချို့နှင့် စစ်ရှောင်ရောက်ရှိနေသည့် ပြည်သူများပါ ထပ်မံတိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောပါသည်။
တဖက်တွင်လည်း စစ်ကောင်စီဘက်က ဝိုင်းမော်မြို့နယ်ထဲ တိုက်ပွဲဖြစ်ပွားနေသော နေရာများဘက်ကို လက်နက်ကြီးများနှင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတာကြောင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများလည်း ရှိနေသည်။
ယင်းအပြင် တိုက်ပွဲဖြစ်ပွားသည့် နေရာဘက်ကို စစ်ကောင်စီတပ်က နေ့တိုင်းဆိုသလို ဂျက်လေယာဉ်၊ Y -12 လေယာဉ် အမျိုးအစားနှင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ်ထဲ၌ နှစ်ရှည်တပ်စခန်း ချထားသော စစ်ကောင်စီတပ်စခန်းနေရာများကို KIA က မေလ ၁၈ ရက်နေ့ တစ်ရက်ထဲ၌ တပ်စခန်း ၁၀ ခု နီးပါးကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် တပ်စခန်းအားလုံး နီးပါးကို သိမ်းပိုက်ထားနိုင်ခဲ့သလို လက်ရှိတွင်လည်း ဝိုင်းမော် ၅၈ တပ်ရင်းနှင့် ဝူယာန်ပြည်သူ့စစ် တပ်စခန်း ၂ ခု သာ တိုက်ခိုက်မှုမရှိဘဲ ကျန်ရှိနေသေးကြောင်း သိရသည်။
KNG ပေးပို့သည်။