ဝိုင်းမော်မြို့က  တရုတ်နယ်စပ်ကုန်သွယ်စစ်ဆေးရေးစခန်း ပြောင်းရွေ့မည် 

By MPM 30 ဇူလိုင်, 2026 👁 68

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအနီးရှိ  တရုတ်နယ်စပ်ကုန်သွယ်စစ်ဆေးရေးစခန်းကို ဆွတ်ဘွမ်ကုမ္ပဏီပိုင်ခြံကုန်ချိန်းကွင်းမှာ မကြာမှီ ပြောင်းရွေ့ရတော့မယ်လို့ သိရပါတယ်။

ဇူလိုင် (၂၆) ရက်  နေ့လည် (၁၂) နာရီခွဲမှာ အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နဲ့  ကံပိုင်တည်ကုန်သည်ကြီးများအသင်း၊ ကချင်ပြည်နယ် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့ က ပြောင်းရွေ့ရေးဆွေးနွေးခဲ့တာလို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ  တရားမဝင်ကုန်စည်စီးဆင်းမှုများ လျော့နည်းပပျောက်စေရေးနဲ့ အစိုးရမှရသင့်တဲ့ အခွန်အခများရရှိစေရေး ကိုအဓိကဆွေးနွေးခဲ့တာလို့ တက်ရောက်သူတွေထံကနေ သိရပါတယ်။

“ကရိန်းကွင်း လို့ခေါ်ကြတာပေါ့ ကုန်ပစ္စည်းတွေချိန်းချင်ရင် အဲ့မှာသွားချိန်းလို့ရတယ်။ ကွင်းကျယ်တော့လေ။ ကွင်းကြေးတော့ပေးရတာပေါ့ အများကြီးတော့မဟုတ်ပါဘူး တစ်သောင်းပေါ့” လို့ ကုန်တင်ကားသမားတစ်ဦးက အခုလိုပြောဆိုလာပါတယ်။

ယခင်က ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ရွှေမိုးတောင်ဘုရားတောင်ခြေအောက်မှာ  ယာယီစစ်ဆေးရေးစခန်းအဖြစ် ဖွင့်လှစ်ခဲ့ပြီး  ယခုအခါ မိုင်နား-ဝေပါ-ဝါရှောင် ကျေးရွာများရှိ လမ်းပိုင်းအတွင်းက ဆွတ်ဘွမ်ဝင်းထဲမှာ ဖွင့်လှစ်မှာလို့ဆိုပါတယ်။

ဒါ့အပြင် ကုန်သည်တွေက  လမ်းပိုင်းတစ်လျှောက်ရှိ မြေပြိုမှုများကြောင့် လမ်းပိတ်ဆို့ကာ ကုန်သွယ်မှုခေတ္တရပ်တန့်နေမှုများနဲ့ ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ကုန်သွယ်နိုင်မှုအခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

ကံပိုင်တည်မြို့ကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့မှာ  ပြည်ထဲရေးဝန်ကြီးဌာနရဲ့အမိန့်နဲ့ ရပ်ကွက်သုံးရပ်ကွက်၊ ကျေးရွာအုပ်စုသုံးစုနဲ့ ကျေးရွာ (၃၀) ပါဝင်တဲ့ မြို့နယ်ခွဲအဖြစ် စတင်ဖွဲ့စည်းခဲ့တာလည်းဖြစ်ပါတယ်။

ရှမ်းနီအသံ