ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့ အကျဥ်းထောင်မှ လွတ်လာသည့် နိုင်ငံရေးအကျဥ်းသား အများစုသည် ကျန်းမာရေးစစ်ဆေးမှုများ ခံယူနေရပြီး အတော်များများမှာ ရေရှည်ဆေးကုသမှုများ လုပ်ဆောင်နေရသည်ဟု နိုင်ငံရေး အကျဥ်းသားဟောင်းများက ပြောသည်။
ထောင်တွင်းနှိပ်စက်မှု၊ ရိုက်နှက်မှု၊ တိုက်ပိတ်ခံရမှု၊ အစာရေစာ ဖြတ်တောက်မှု စသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် နိုင်ငံရေးအကျဥ်းသားများမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့တဲ့မှုများ ခံစားနေကြရသည်ဟု ဆိုသည်။
ထိုသို့ ကျန်းမာရေး ချို့တဲ့မှုများ ခံစားနေရသော်လည်း ထောင်ထဲ၌ ဆေးကုသခွင့်လည်း မပေးခြင်းကြောင့် ပြန်လွတ်လာချိန်၌ ကျန်းမာရေး စစ်ဆေးမှုပြုပြီး ဆေးကုသမှုများ ခံယူနေရခြင်း ဖြစ်သည်ဟု ကရင်နီ နိုင်ငံရေးအကျဥ်းသားများ အစည်းအရုံး (KPPA) အဖွဲ့ တာဝန်ရှိသူများက ပြောသည်။
KPPA အဖွဲ့ တာဝန်ရှိသူ ကိုထားဖိုးက “ကျန်းမာရေးက ကျနော်တို့ ပြန်ထွက်လာပြီဆိုရင် စစ်တပ်က အကျဥ်းသားတစ်ယောက် ပြန်မလွတ်ခင်တော့ သူတို့ ကြည့်ကောင်းတဲ့ အဆင့်ထိ ဂရုစိုက်တာပေါ့နော်။ ဒါကထုံးစံပဲ။ သို့ပေမဲ့ ကျန်းမာရေးစစ်ဆေးချက်တွေ ပြန်လုပ်ရတယ်။ အဖြစ်များတာက နိုင်ငံရေးအမှုတွေနဲ့ ထောင်ကျနေသူ အများစုကတော့ ရေရှည်ကျန်းမာရေးနဲ့ဆိုင်တဲ့ ကုသမှုတွေ ဆက်လုပ်ရတယ်ပေါ့နော်။ ဒါတော့ လူတိုင်းနီးပါးပဲ” ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မှ ၂၀၂၄ ခုနှစ် ဇွန်လ ၄ ရက်နေ့ အထိ ထိုကာလအတွင်း ပြန်လွတ်လာသူ နိုင်ငံရေးအကျဉ်းသား အယောက် ၂၀၀ ကျော်သည် ကျန်းမာရေးစစ်ဆေးမှုများ လုပ်ခဲ့ရသည်ဟု KPPA တာဝန်ရှိသူက ပြောသည်။
နိုင်ငံရေး အကျဉ်းသားများမှာ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးခံကြရသည့်အပြင် အခြားအမှုများကဲ့သို့ လျှော့ရက်ပေးသော ၄ ဘို့ တစ်ဘို့ (၄ နှစ် စီရင်ချက်ချသူများအား ၁ နှစ် လျှော့ပေါ့ခြင်း) စံနှုန်းကိုလည်း ခံစားခွင့်မရရှိဟု ကိုထားဖိုးက ဆက်ပြောသည်။
“တချို့တလေဆိုရင် ခေါင်းပိုင်းဆိုင်ရာမှာ အထူးကုသရတဲ့ ပုံစံတွေ ရှိတယ်။ အခုဆိုရင် အစ်မတစ်ယောက်မှာ ဆိုရင် တကယ်ဆေးရုံတက်ပြီး ခွဲစိတ်ရမယ့် အခြေအနေ ရှိတယ်။ ကျနော်တို့ အမှုတွဲတွေမှာဆိုရင်လည်း နှလုံးအားနည်းတဲ့ ပုံစံပေါ့နော်။ အတွင်းပိုင်းဆိုင်ရာမှာ ကုသမှုလုပ်နေရတာ ရှိတယ်ပေါ့နော်” ၎င်းက ပြောသည်။
လွိုင်ကော် အကျဥ်းထောင်မှ လွတ်ရက်စေ့ပြီးနောက် ဇွန်လ ၄ ရက်နေ့တွင် ပြန်လွတ်လာသော အကျဥ်းသား ၆ ဦး ထဲတွင် နိုင်ကျဥ်းအမျိုးသမီးတစ်ဦး ပါဝင်သည်ဟု KPPA ၏ စာရင်းများအရ သိရသည်။
ထို့အပြင် လွိုင်ကော်အကျဥ်းထောင်ထဲ၌ လွှတ်မိန့် မကျသေးသော နိုင်ငံရေး အကျဉ်းသား အယောက် ၂၀၀ နီးပါးခန့် ကျန်ရှိနေပြီး လတ်တလောတွင် ထောင်ဝင်စာ ပိတ်ခံထားရသည့်အပြင် နေ့စဥ်နှင့်အမျှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကြုံနေကြရသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများက ပြောသည်။
NMG ပေးပို့သည်။