လွတ်လပ်သောမြန်မာမီဒီယာကိုယ်စားပြုယန္တရားတစ်ခု ဖွဲ့စည်းရန် ၈ ကြိမ်မြောက် တိုင်းရင်းသားမီဒီယာညီလာခံ ဆုံးဖြတ်

By MPM 3 မေ, 2023 👁

နိုင်ငံတကာမြန်မာသတင်းအဖွဲ့ (BNI )မှ ကြီးမှူးကျင်းပသည့် (၈) ကြိမ်မြောက် တိုင်းရင်းသားမီဒီယာညီလာခံတွင် လွတ်လပ်သောမြန်မာမီဒီယာကို ကိုယ်စားပြုမည့်ယန္တရား (Independent Self-Regulatory Body) တစ်ခုဖွဲ့စည်းရန် တက်ရောက်လာသော မီဒီယာကိုယ်စားလှယ်အသီးသီးက သဘောတူညီခဲ့ကြကြောင်း ညီလာခံအပြီး ယနေ့ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။

အဆိုပါ ညီလာခံကို “ဖက်ဒရယ်မြန်မာနိုင်ငံသို့ ရှေးရှုသောမီဒီယာ” ခေါင်းစဥ်ဖြင့် နယ်စပ်တစ်နေရာတွင် ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးအပတ်အတွင်း (၃)ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး ညီလာခံတက် ရောက်လာသူ ကိုယ်စားလှယ်များက စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီသည် လွတ်လပ်သောမီဒီယာများကို ကိုယ်စားမပြုသောကြောင့် မီဒီယာလွတ် လပ်ခွင့် အတွက် အမှီအခိုကင်းသော ကိုယ်တိုင်ထိန်းညှိမှု ယန္တရားတစ်ခု ဖွဲ့စည်းရန် သဘောတူခဲ့ကြကြောင်း BNI ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖွဲ့စည်းရန် သဘောတူလိုက်သော အဆိုပါယန္တရားအား တိုင်းရင်းသားမီဒီယာများအပါအဝင် လွတ်လပ်သောမီဒီယာများ၏ စုဖွဲ့မှုနှင့်ကိုယ်စားပြုမှုအဖြစ်ရှိနေစေရန် ရည်ရွယ်ကြောင်း ညီလာခံ ထုတ်ပြန်ကြေညာချက် ပြောရေးဆိုခွင့်ရှိသူ BNI အဖွဲ့၏ မူဝါဒရေးရာကော်မတီဥက္ကဋ္ဌလည်းဖြစ်၊ ကေအိုင်စီ-ကရင်သတင်းဌာန၏ အယ်ဒီတာချုပ်ဖြစ်သူ နန်းဖော့ဂေ ယခုလိုပြောသည်။

“ဒီယန္တရားကနေ နိုင်ငံတကာသို့ လွတ်လပ်တဲ့မြန်မာမီဒီယာရဲ့ ကိုယ်စားပြုမှုက ဒီယန္တ ရားဖြစ်ပါတယ်ဆိုတာကို ပြချင်လို့ပါ။ လက်ရှိမှာ စစ်ကောင်စီ လက်အောက်ကမီဒီယာကောင်စီက လွတ်လပ်တဲ့မီဒီယာတွေကို ကိုယ်စားပြုနေတာမဟုတ်ဘူးဆိုတာကို ထောက်ပြချင်တာကြောင့်ရယ် ကိုယ်စားပြုမှုအမှန်အကန်ကို တည်ဆောက်လိုက်တာလည်း ပါပါတယ်။” ဟု ၎င်းက ပြောသည်။

၎င်းအပြင် အဆိုပါယန္တရားအားအကောင်အထည်ဖော်ဆောင်ရန် ညီလာခံသို့ တက်ရောက်လာကြသော BNI အဖွဲ့မှ ကိုယ်စားလှယ် (၃) ဦးနှင့် အခြားမီဒီယာများမှ ကိုယ်စားလှယ် (၈) ဦးပါဝင်သော လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့အား ဖွဲ့စည်းထားရှိပြီး လုပ်ဆောင်ချက်များကို ဆက်လက် ဆွေးနွေးသွားကြမည်ဖြစ်ကြောင်းလည်း နန်းဖော့ဂေက ဖြည့်စွက်ပြောဆိုသည်။

ထို့နောက် နောင်လာမည့် ဖက်ဒရယ်ပြည်ထောင်စုတွင် အသုံးပြုရန် တိုင်းရင်းသားမီဒီယာ မူဝါဒ အဆိုပြုချက်များကို ရေးဆွဲအတည်ပြုခြင်း၊ ဖက်ဒရယ် ဒီမိုကရေစီ၊ တိုင်းရင်းသားပြည်နယ်များနှင့် တိုင်းဒေသကြီးများကို အခြေခံသည့် လူထုဝန်ဆောင်မှု မီဒီယာများ ပေါ်ပေါက်လာရေး ညီလာခံတွင် ဆွေးနွေးအတည်ပြုခဲ့ကြကြောင်းလည်း ညီလာခံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၃ ရက်ကြာ ကျင်းပသွားခဲ့သည့် ၈ ကြိမ်မြောက် တိုင်းရင်းသားမီဒီယာညီလာခံတွင် အင်တာနက် အွန်လိုင်းနည်းလမ်းများဖြင့် ဝင်ငွေရှာဖွေသည့် နည်းလမ်းများ၊ လက်ရှိ စည်းရုံးလှုံ့ဆော်ရေး အနေအထားများနှင့် ဒေသတွင်းအခြေအနေများကို သုံးသပ်ဆွေးနွေးခဲ့ကြပြီး နိုင်ငံအတွင်း ဖြစ်ပေါ်နေသော အခြေအနေများကို ဒေသအတွင်း နိုင်ငံအစိုးရများနှင့် ပြည်သူများ သိရှိရန် နည်းလမ်းများ ရှာဖွေခဲ့ကြကြောင်း ညီလာခံထုတ်ပြန်ကြေညာချက်တွင် ဆိုထားသည်။

ပြီးခဲ့သည့် တိုင်းရင်းသားမီဒီယာညီလာခံများကို ၂၀၁၃ ခုနှစ်မှစ၍ ၂၀၁၉ ခုနှစ်အထိ ပြည်နယ်နှင့်တိုင်း (၇) ခုတွင် ကျင်းပခဲ့ပြီး လွတ်လပ်၍အမှီအခိုကင်းသော မြန်မာမီဒီယာများ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်ရပ်တည်နိုင်ရေးနှင့် အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတွင် မီဒီယာ များ၏ အခန်းကဏ္ဍ အတွက် ယခုလို (၈) ကြိမ်မြောက်အဖြစ် ဆက်လက်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ယခု (၈) ကြိမ်မြောက် တိုင်းရင်းသားမီဒီယာ ညီလာခံသို့ ပြည်တွင်း/ပြည်ပ အခြေစိုက် သတင်းမီဒီယာ (၄၀) မှ သတင်းသမား ကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ မိတ်ဖက် သံတမန်များနှင့် အလှူရှင်များအပါအဝင် စုစုပေါင်း လူဦးရေ (၁၃၀) တက်ရောက်ခဲ့ကြသည်။

နန့်ဆန်းထီ(KIC) – ပေးပို့သည်။