သျှမ်းပြည်၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်း ဖြစ်ပွားသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် စစ်ကောင်စီတို့ ဩဂုတ် ၆ ရက်နေ့က ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ၂၀ ဦးထက်မနည်းရှိကြောင်း သိရသည်။
သြဂုတ် ၆ ရက် နံနက် ၆ နာရီမှ စတင်ဖြစ်ပွားသည့် နှစ်ဖက်တပ်ဖွဲ့၏ ထိတွေ့တိုက်ပွဲများသည် တစ်နေရာတည်း မဟုတ်သည့်အတွက် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု ၂၀ ထက် မနည်း ရှိနိုင်ကြောင်း SSPP/SSA ၏ မြေပြင်အရာရှိက ပြောသည်။
“ဒီနေ့ တိုက်ပွဲက ၃ – ၄ နေရာလောက် ဖြစ်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ သက်ဆိုင်ရာ မြေပြင်တာဝန်ရှိသူတွေရဲ့ အစီရင်ခံစာ အရ စစ်ကောင်စီကျတာ ၂၀ ထက် နည်းမှာ မဟုတ်ဘူး၊၊ ကျနော်တို့ ဘက်ကတော့ တစ်ယောက် ကျသွားတယ်၊ ခိုင်းဖက်နမ်နားက တပ်စခန်းကို သူတို့ဘက်က စလာချောင်းပစ် ဝင်လာတဲ့ အချိန်မှာ ထိသွားတာ” ဟု ၎င်းက ပြောသည်။
ယင်းထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့သော်လည်း စစ်ကောင်စီဘက်မှ ကျဆုံးနှင့် ထိခိုက်ဒဏ်ရာ များသည့်အပြင် စစ်သုံ့ပန်းအဖြစ် တပ်သား ၂ ဦး၊ သေနတ် ၂ လက်၊ စစ်ကား၁ စီး တို့ကို SSPP မှ သိမ်းပိုက်နိုင်ခဲ့ကြောင်း အဆိုပါ SSPP/SSA မြေပြင် အရာရှိက ပြောသည်။
“သူတို့ဘက်က အကျအရှုံးများတယ်။ ၂ ဦးကို ကျနော်တို့ ဖမ်းမိထားတယ်၊ ပြီးတော့ သေနတ် ၂ လက်၊ ကားတစ်စီးကို ကျနော်တို့ သိမ်းပိုက်နိုင်ခဲ့တယ်။ အခု သူတို့ (စကစ) နမ့်တိန်းတံတားနားက တပ်သားတွေ မရှိတော့ဘူး။ လက်ရှိက စစ်ရေးတင်းမာတဲ့ အနေအထားရှိနေတယ်” ဟု SSPP/SSA မြေပြင် အရာရှိက ပြောဆိုသည်။
သြဂုတ် ၆ ရက်နေ့က လဲချားမြို့နယ် မက်လန်းကျေးရွာအနီး ဖြစ်ပွားသည့် တိုက်ပွဲသည် နံနက် ၆ နာရီ ဝန်းကျင်မှ ၈ နာရီ ဝန်းကျင်အထိ တကြိမ် ၊ ၁၀ နာရီ ဝန်းကျင်တွင် တကြိမ် ၊ ၁၂ နာရီ ဝန်းကျင်မှ မွန်းလွဲပိုင်း ၂ နာရီ ဝန်းကျင် အထိ တကြိမ် စုစုပေါင်း ၃ ကြိမ် တိုက်ပွဲဖြစ်ခဲ့ကြောင်း SSPP/SSA မြေပြင်အရာရှိ၏ ပြောဆိုမှုအရ သိရသည်။
လက်ရှိတွင် မြေပြင်အခြေအနေအရ ပစ်ခတ်သံများ ငြိမ်သက်နေသော်လည်း စစ်ရေးတင်းမာသည့် အနေအထား ရှိနေကြောင်း SSPP/SSA မြေပြင် အရာရှိက ဆက်ပြောဆိုသည်။
အဆိုပါ ထိတွေ့တိုက်ပွဲများကြောင့် ဒေသခံများသည် လဲချားမြို့ပေါ်ရှိ ဆွေမျိုး၊ အသိနေအိမ် များသို့ စစ်ရှောင် ထွက်ပြေးကြရပြီး၊ တချို့မှာ ဘုန်းတော်ကြီးကျောင်းများ တွင် ခိုလှုံနေထိုင်ကြရကြောင်း သိရသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။