လောင်းလုံးမှာ စစ်တပ်စစ်ကြောင်းက ကျေးရွာတွေအတွင်း ရိက္ခာဝင်လု

By MPM 17 ဩဂုတ်, 2026 👁 84

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲ စစ်ကြောင်းပတ်ထိုးနေတဲ့ စစ်တပ်က ရိက္ခာပြတ်လပ်တာကြောင့် ကျေးရွာအတွင်းရှိ ဒေသခံတွေရဲ့ စားနပ်ရိက္ခာတွေကို အတင်းအဓမ္မ ဝင်ရောက်လုယူသွားတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက် နေ့လယ်ပိုင်းမှာ လောင်းလုံးမြို့နယ်ရှိ ဂေါ့အင်းကျေးရွာကို စစ်တပ်စစ်ကြောင်းက ရုတ်တရုက် ဝင်ရောက်လာပြီး စားနပ်ရိက္ခာဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် စတဲ့ ရိက္ခာပစ္စည်းတွေကို အတင်းအဓမ္မ ဝင်ရောက်ယူဆောင်သွားတာပါ။

အဲဒီစစ်တပ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက လောင်းလုံးမြို့အနီးက ကျေးရွာတွေကို ရွာစဉ်လှည့် စစ်ကြောင်းထိုးနေတာဖြစ်ပြီး တောထဲမှာပဲနေထိုင်နေတာကြောင့် စားနပ်ရိက္ခာပြတ်လပ်ကာ အခုလို ဝင်ရောက်လုယက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ် ကျေးရွာအတွင်း သေနတ်ပစ်ဖောက်ပြီး ဝင်ရောက်လာခဲ့တာကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ စစ်သားတွေက နေအိမ်ရှိ စားနပ်ရိက္ခာတွေကို ချက်ခြင်းယူဆောင်ကာ တောထဲပြန်ဝင်သွားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါအပြင် စစ်တပ်စစ်ကြောင်းက ကျေးရွာအတွင်းဝင်ရောက်ချိန် လမ်းမှာတွေ့တဲ့ အရပ်သားပြည်သူနှစ်ဦး ထပ်မံဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်တပ်စစ်ကြောင်းဟာ လောင်းလုံးမြို့အနီးက တောထဲမှာ လှုပ်ရှားသွားလာနေတာကြောင့် ဒေသခံတချို့ နေရပ်ပြန်နေထိုင်တာတွေရှိပြီး စစ်ကြောင်းအခြေအနေအရ လှုပ်ရှားနေရတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်