လောင်းလုံးမြို့နယ်တွင် ၃ ရက်အတွင်း အမျိုးသား ၃ ဦး အသတ်ခံရ

0
321

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် ၃ ရက်အတွင်း အမျိုးသား ၃ ဦး အသတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းက လောင်းလုံးမြို့နယ်၊ ကျောက်ပုံကျေးရွာတွင် စစ်မှုထမ်းဟောင်းတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်မှုထမ်းဟောင်းကို လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ ဧပြီလ ၂၃ ရက်နေ့ ညပိုင်းကလည်း လောင်းလုံးမြို့နယ်၊ သာယာကုန်းကျေးရွာတွင် အသက် ၆၃ နှစ်အရွယ် ရဲဝန်ထမ်းအငြိမ်းစား ဦးလှကြိုင်ဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

“သာယာကုန်းကျေးရွာမှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားသူက ရဲဝန်ထမ်းအငြိမ်းစား ဦးလှကြိုင်လို့ သိရတယ်။ ညာဘက်နားထင် သေနတ်ဒဏ်ရာ ၂ ချက်နဲ့ သေဆုံးခဲ့တယ်။ ဦးလှကြိုင်ကို ဘယ်အဖွဲ့အစည်းက ဘာကြောင့် ပစ်ခတ်သွားလဲ မသိရသေးဘူး” ဟု လောင်းလုံဒေသခံတစ်ဦးက ပြောသည်။

ဧပြီလ ၂၃ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် ကမြောကြီးကျေးရွာတွင် အသက် ၄၀ နှစ်အရွယ်ခန့်ရှိ ဦးအေးခိုင်ဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသေးသည်။

ဦးအေးခိုင်ကို မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် ပစ်သတ်သွားသည်ကို မသိရသေးကြောင်း ဒေသခံတို့က ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်အတွင်း ဧပြီလ ၈ ရက်နေ့မှ ဧပြီလ ၁၈ ရက်နေ့အတွင်း သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးကာ၊ အမျိုးသား ၁ ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

IMNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here