လောင်းလုံးတွင် အရပ်သား ၁ ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် သေဆုံး

By MPM 8 ဩဂုတ်, 2023 👁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ အင်းဇောက်ကျေးရွာတွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) ၏ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁ ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

သြဂုတ် ၆ ရက်နေ့ နေ့လယ်ပိုင်းတွင် လောင်းလုံးမြို့နယ်ရှိ စစ်ကောင်စီ လေကြောင်းရန် ကာကွယ်ရေးစခန်း (လားဘိုတောင်စခန်း) နှင့် စစ်လှန်းတောင်ပေါ်ရှိ မိုင်တဲတာဝါတိုင် စခန်းအတွက် ထားဝယ်ကနေ ရိက္ခာဝယ်ပြီး ပြန်လာသည့် ကားတစ်စီးကို LLPDF က သတင်းအရ စောင့်ဆိုင်းစစ်ဆေးခဲ့သည်ဟု ဆိုသည်။

ရိက္ခာဝယ်ပြီး ပြန်လာသည့်ကားက ရပ်တန့်စစ်ဆေးမခံဘဲ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို တိုက်ပြီး မောင်းပြေးသွားသည့်အတွက် LLPDF တပ်ဖွဲ့များက ကားနှင့် လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မောင်းပြေးသွားသည့် ကားအပေါ်ပါလာသူ ၂ ဦး သည် အင်းဇောက်ကျေးရွာ လမ်းဆုံအနီးရှိ ဘိလိယက်ခုံဆိုင် အရှေ့၌ ကားဘီးပေါက်ထိုးရပ်စဉ် ကားထဲမှ ထွက်ပြေးသွားခြင်းကြောင့် LLPDF တပ်ဖွဲ့ဝင်များက လိုက်လံ ပစ်ခတ် ဖမ်းဆီးရာတွင် ဘိလိယက်ခုံ၌ ထိုင်နေသော အမျိုးသားတစ်ဦး ကျည်ထိမှန် သေဆုံးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားသည့် ကိုမျိုးဇော်လတ်မှာ လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာရှိ သူငယ်ချင်းဖြစ်သူထံ အလည်လာချိန်တွင် ထိုသို့ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

ကိုမျိုးဇော်လတ် သေဆုံးမှုအပေါ် မိသားစုနှင့်ထပ်တူ ဝမ်းနည်းခဲ့ရပြီး တာဝန်ခံမှု၊ တာဝန်ရှိစွာဖြင့် တာဝန်ယူသွား မည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) က အသိပေး ထုတ်ပြန်ခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်။