လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်ပြည်နယ်အတွင်း အရပ်သား (၅၀) ကျော် သေဆုံးခဲ့ကြောင်း KHRG ထုတ်ပြန်

0
375

စစ်တပ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ၏လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကရင်ပြည်နယ်အတွင်း အရပ်သား (၅၀) ကျော်သေဆုံးပြီး အနည်းဆုံး ဒေသခံတစ်ရာကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ဧပြီလ (၁၂) ရက်နေ့က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီလ (၁၁) ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၅၀) ကျော်သေဆုံးခဲ့ရသည့်ဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီ၏လုပ်ရပ်အား ရှုတ်ချကြောင်းထုတ်ပြန်ချက်တွင် KHRG က ထိုသို့ ထည့်သွင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

ထို့အတူ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီမှ အရပ်သားပြည်သူပိုင်နေရာများတွင် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့ရာ ကရင်ပြည်နယ်တွင်လည်း လေကြောင်းမှတိုက်ခိုက်မှုအကြိမ်ရေ အနည်းဆုံး(၁၅၅)ကြိမ်ဖြစ်ပွားခဲ့သည့်အနက် အရပ်သား (၅၀) ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး အယောက်တစ်ရာကျော်ရှိခဲ့ကြောင်း KHRG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KHRG ပြောခွင့်ရသူ စောနန္ဒဆူးက “သူတို့ (စစ်ကောင်စီ) က နိုင်ငံတကာရာဇဝတ်မှုကိုကျုးလွန်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ အာဏာသိမ်းပြီးကတည်းက ဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာဥပဒေကို လေးစားလိုက်နာခြင်းမရှိဘဲနဲ့ ရဲရဲတင်းတင်းကျုးလွန်နေတာ။ ကျနော်တို့ထုတ်ပြန်ချက်မှာပါတဲ့ (၅၀) ကျော်ဆိုတာ အရပ်သားတွေချည်းပဲ။ ဒီထဲမှာ အမျိုးသမီးနဲ့ကလေးသူငယ်ဘယ်လောက်ပါတယ်ဆိုတာတော့ ပြောဖို့ခက်ခဲ့တယ်။” ဟု စစ်ကောင်စီ၏ အဆိုပါလုပ်ရပ်များနှင့်ပတ်သက်၍ ၎င်းကပြောသည်။

ထို့အပြင် ထုတ်ပြန်ချက်တွင် ယခုဧပြီလပထမအပတ်အတွင်း အထူးသဖြင့် ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်သော ဖားအံခရိုင်နှင့်ဒူးပလာယာခရိုင်တို့တွင် စစ်ကောင်စီနှင့်တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ တိုးမြင့်လာခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံများနေရပ်စွန့်ခွာရမှု ပိုမိုများပြားလာကြောင်း ဖော်ပြပါရှိသည်။

“ကျနော်တို့ကရင်တိုင်းရင်းသားဒေသတွေမှာ စစ်ရှောင်ဦးရေက ဒီတစ်လနှစ်လအတွင်း ၆သိန်းဝန်းကျင်ဖြစ်လာတယ်။ ဒီစစ်ဘေးရှောင်တွေအတွက် Karen Emergency Relief Team ဆိုတဲ့ ကရင်လူမှုအဖွဲ့အစည်းရဲ့ ပူးပေါင်းဆောင်ရွက်မှုအောက်မှာ ကျနော်တို့ KHRG ကလည်း တတ်နိုင်တဲ့အခန်းကကနေ ပါဝင်လုပ်ဆောင်နေတာရှိပါတယ်။” ဟု စောနန္ဒဆူးက ဆိုသည်။

KHRG ၏ ထုတ်ပြန်ချက်တွင် စစ်တပ်အရာရှိများသာမက စစ်ကောင်စီသို့ လေယာဥ်လောင်စာဆီထောက်ပံ့နေမှု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့မှ ဝင်ငွေရရှိနေမှုများကိုလည်း အဓိကထား ပိတ်ဆို့အရေးယူပေးရန်နှင့် လက်ရှိ မြေပြင်တွင် စစ်ကောင်စီကြောင့်ထိခိုက်ခံစားခဲ့ရသူများသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးနေသော ဒေသတွင်းအဖွဲ့အစည်း၊ အရပ်ဖက်အဖွဲ့အစည်းများအား ဘဏ္ဏာရေးဆိုင်ရာအကူအညီများ တိုးမြှင့်ပေးရန် တို့ကို နိုင်ငံတကာသို့ တိုက်တွန်းထားသည်။

ထို့အတူ လက်ရှိစုံစမ်းစစ်ဆေးရေးလုပ်ငန်းများနှင့် စစ်ကောင်စီအား နိုင်ငံတကာဥပဒေအရ တရားစွဲဆိုရာတွင် ပံ့ပိုးကူညီပေးရန်၊ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သောပြစ်မှုများအတွက် စစ်ကောင်စီအား တာဝန်ခံမှုရှိစေနိုင်ရေး အခြားသောအခွင့်အလမ်းများကိုရှာဖွေရန် တို့ကိုပါ KHRG က ထုတ်ပြန်ချက်မှတဆင့် နိုင်ငံတကာသို့တိုက်တွန်းထားသည်။

အလားတူ ပြီးခဲ့သည့်ဇန်နဝါရီလ (၂၀) ရက်နေ့က Fortify Rights နှင့် မြန်မာနိုင်ငံသား (၁၆) ဦးမှ စစ်ဗိုလ်ချုပ်များ၏လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများအား အပြည်ပြည်ဆိုင်ရာတရားစီရင်ပိုင်ခွင့်အရ ဂျာမနီနိုင်ငံသို့တင်သွင်းထားသော တိုင်ကြားစာအား KHRG အနေဖြင့် ထောက်ခံကြိုဆိုကြောင်း ဇန်နဝါရီလ (၃၁) ရက်နေ့က ထုတ်ပြန်ထားသည်။

နန့်ဆန်းထီ(KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here