ရှမ်းပြည်နယ်မြောက်ပိုင်းရှိ CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဝန်ထမ်းများ ၎င်းတို့၏ မြို့၊ ရွာများတွင် ပြန်လည်ရောက်ရှိလာခြင်းကြောင့် စစ်ကောင်စီက လိုက်လံဖမ်းဆီးရန်အတွက် ညွန့်ကြားစာများ ထွက်လာသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု CDM ဝန်ထမ်းများက ပြောသည်။
ကွတ်ခိုင်မြို့က CDM ဝန်ထမ်း အမျိုးသမီးတစ်ဦးက “အခြားမြို့နယ်တော့ ကျမ မသိထားဘူး။ ကွတ်ခိုင်မှာတော့ အရင်တစ်ပတ်ကတည်းက တော်တော်လေး လိုက်ဖမ်းတယ်ဆိုတဲ့ ဆိုတဲ့ စာထွက်တယ်။ အခုက အခြေအနေ ငြိမ်နေပေမယ့် ပြောလို့မရသေးဘူး။ အရင်တုန်းက သူငယ်ချင်းတွေ ဖမ်းခံရတယ်။ ပုဒ်မအမျိုးမျိုးတွေနဲ့ တရားစွဲ ခံထားရတယ်။ ကိုယ့်အလှည့် ဘယ်ချိန် ရောက်လာမလဲ မသိဘူးဆိုတော့ စိုးရိမ်နေရတယ်” ဟု ပြောသည်။
ဇန္နဝါရီလ ၉ ရက်နေ့ကစတင်ပြီး ရှမ်းမြောက်ရှိ မြို့နယ်အချို့တွင် CDM ဝန်ထမ်းများ ဖမ်းဆီးခံနေရပြီး လားရှိုးမြို့က CMD လှုပ်ရှားမှုတွေ ပါဝင်သည့် ပညာရေးဝန်ထမ်း ၄ ဦးဖမ်းဆီးခံလိုက်ရပြီး ကျောက်မဲနှင့် သီပေါမြို့တို့ တွင်လည်း ဖမ်းဆီးခံလိုက်ရသူများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းက CDM ဝန်ထမ်းများကို ရပ်/ရွာများထဲအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးနေသည့်အပြင် တဖက်တွင်လည်း အလုပ်ပြန်ဝင်ကြဖို့ ဖိအားပေးနေသည်ဟု CDM ဝန်ထမ်းများနှင့် နီးစပ်သူများက ပြောသည်။
လက်ရှိတွင် ရှမ်းမြောက်ရှိ မြို့နယ်များထဲက CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဝန်းထမ်းများကို စစ်ကောင်စီလက်အောက်ခံ ရပ်/ကျေးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများအား စာရင်းဇယားများ ပြုစုခိုင်းထားပြီး လျှို့ဝှက်ညွန်ကြားစာအရ လိုက်လံရှာဖွေ ဖမ်းဆီးနေခြင်းဖြစ်သည်ဟု CMD ဝန်ထမ်းများက ပြောသည်။
နမ္မတူမြို့နယ်က CDM ဝန်ထမ်းတစ်ဦးက “ကျမ ကြားမိတာကတော့ သီပေါမြို့၊ နမ့်လန်မြို့တွေမှာ CDM တွေ စဖမ်းနေတယ်။ ကျမ အသိတွေက ဖုန်းဆက်လာတာ။ သူတို့ ထွက်ပြေးတိမ်းရှောင်နေတယ် ပြောတယ်။ ကျမ ကလည်း CDM လုပ်ဆောင်နေတော့ သတင်းတွေကြားတော့ ကြောက်နေမိတယ် စိုးရိမ်နေတယ်” ဟု ပြောသည်။
ရှမ်းမြောက်ရှိ ကျောက်မဲ၊ လားရှိုး၊ သီပေါ၊ နမ့်လန်၊ နမ္မတူ၊ ကွတ်ခိုင်၊ မူဆယ်တို့ အတွင်းက CDM ဝန်းထမ်းများအနေဖြင့် လက်ရှိတွင် ဘေးလွတ်မည့်နေရာများတွင် ထွက်ပြေးပုန်းအောင်းနေကြရသည်ဟု ဆိုသည်။
မိသားစုလိုက် ထွက်ပြေးနေကြရသူများအနေဖြင့် နေထိုင်စားသောက်ရေးပိုင်း အခက်အခဲများ ရှိနေသောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် အခြားသော အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့ CDM ဝန်ထမ်းများအား တတ်နိုင်သည့်ဘက်မှ ကူညီပေးကြရန်လည်း တောင်းဆိုနေကြသည်။
အလားတူ မူဆယ်မြို့နယ် မုံးကိုးမြို့တွင်လည်း CDM ဝန်ထမ်းများ၏ စာရင်းများကို ပြုစုခိုင်းထားပြီး ထိရောက်စွာ အရေးယူနိုင်ရေး စာရင်းများ ပေးပို့ခိုင်းထားသည့် စာများလည်း အွန်လိုင်းတွင် ပြန့်နှံ့နေသည့်အတွက် မုံးကိုးမြို့က CDM ဝန်ထမ်းများက စိုးရိမ်နေကြသည်။
ရှမ်းမြောက် CDM ဝန်ထမ်း ရှင်းလင်းရေးစီမံချက်ဆိုပြီး တိုင်းစစ်ဌာနချုပ်က ညွှန်ကြားချက်အရ CDM လှုပ်ရှားမှုတွင် ပါဝင်သည့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းဆရာ/ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများအပြင် နိုင်ငံရေး လှုပ်ရှားသူများနှင့် ကျောင်းသား လူငယ်များ ဇန္နဝါရီလ ၉ ရက်နေ့မှစတင်၍ အဖမ်းခံနေရပြီး ယနေ့အချိန်ထိလည်း ဆက်လက်ရှာဖွေ ဖမ်းဆီးနေသည်ဟု ရှမ်းမြောက်ဒေသခံများက ပြောသည်။
NMG – ပေးပို့သည်။