စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အရှေ့ဘက်က ကျေးရွာတစ်ရွာထဲသို့ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက လက်နက်ကြီး/ငယ်များဖြင့် အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်ခဲ့သည့်အပြင် နေအိမ်အချို့ကိုပါ မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရသည်ဟု ဒေသခံများက ပြောသည်။
ရွှေဘိုမြို့ အရှေ့ဖက်ရှိ ကော့ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီနှင့် ပျူစောထီးများက ဇန္နဝါရီလ ၁၇ ရက် နေ့၊ နံနက် ၇ နာရီအချိန်ခန့်တွင် တယော်တောကျေးရွာထဲသို့ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ဒေသခံတစ်ဦးက “လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် စီးနင်းခဲ့ပါတယ်။ ခလရ ၁၂ နဲ့ ပျူစောထီးတွေ တယော်တောကို ဝင်ပြီး လုယက်ဖျက်ဆီးနေတာကို လမ်းဘေးခြုံထဲကနေ မြင်ခဲ့ရတယ်။ ဓားပြထက်ဆိုးတဲ့ အကြမ်းဖက်အုပ်စုပဲ” ဟု ပြောသည်။
တယော်တောကျေးရွာသည် အိမ်ခြေ ၇၀ ကျော်သာရှိပြီး PDF များ အထိုင်ချသည့် ကျေးရွာမဟုတ်သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဇန္နဝါရီလ ၁၇ ရက်နေ့က လက်နက်ကြီး/ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည့်အတွက် ရွာသားများလည်း ဘေးလွှတ်မည့်နေရာများတွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။
ဒေသခံပြည်သူများ ဘေးလွတ်မည့်နေရာများတွင် ထွက်ပြေးတိမ်းရှောင်နေကြချိန် ပျူစောထီးများက တယော်တောကျေးရွာအတွင်းရှိ နေအိမ်များကို ဝင်ရောက်မွှေနှောက်ရှာဖွေကာ တန်ဖိုးရှိပစ္စည်းများအား ယူသွားသည်ကို အဝေးမှ လှမ်းမြင်နေရသည်ဟု ဒေသခံအချို့က ပြောသည်။
ထို့အပြင် ပျူစောထီးများသည် ကျေးရွာအတွင်းရှိ ၎င်းတို့ မကြေနပ်သည့် အိမ်များအား မီးရှို့ဖျက်ဆီးသဖြင့် အိမ် ၅ အိမ်အထက် မီးလောင်ပျက်စီးသွားသည်ဟုလည်း ဒေသခံများက ပြောသည်။
တယော်တောကျေးရွာ အနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ လှုပ်ရှားသွားနေမှုများ ရှိနေသေးသည့်အတွက် ဇန္နဝါရီလ ၁၈ ရက်နေ့အထိ ရွာသားများ ၎င်းတို့၏ ကျေးရွာထဲသို့ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးဘူးဟု ဆိုသည်။
စစ်ကောင်စီတပ်က ကျေးရွာအတွင်းတွင်လည်း ဆက်လက် နေရာယူထားစဲဖြစ်သည်ဟု တယော်တော ကျေးရွာသားများက ပြောသည်။
NMG-ပေးပို့သည်။