ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် အရှေ့တောင်ဘက်ခြမ်းရှိ စစ်ဘေးရှောင်နေရသည့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီ လိုအပ်နေကြကြောင်း သိရသည်။
စစ်ဘေးရှောင်နေရသည့် ရွှေကူမြို့နယ် မံဝင်း၊ နောင်လတ်ကြီး၊ နန့်လန်၊ စီသာ၊ စီသောင်နှင့် အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း ၁၂ ရွာမှ စစ်ရှောင်များတွင် ကိုယ်ဝန်ဆောင်မိခင် ၅၀ ဦး ခန့် ရှိပြီး တချို့မှာ တောတောင်များတွင် ခက်ခက်ခဲခဲ မီးဖွားနေရသည့်အတွက် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီ လိုအပ်နေကြောင်း မံဝင်းကျေးရွာ မီးဖွားဆရာမတစ်ဦးက KNG ကို အခုလို ပြောသည်။
“ကျွန်မအနေနဲ့ အရင်လတွေထဲမှာ မွေးပေးခဲ့တဲ့ လူရှိတယ်၊ ၄ ယောက် လောက်ရှိတယ်။ သူတို့ကိုတော့ ဒီတိုင်းပဲ တောထဲမှာ ခက်ခက်ခဲခဲနဲ့မွေးပေးရတာပါ့။ နေရာထိုင်ခင်းကလည်းမကောင်း တောထဲမှာဆိုတော့၊ တချို့နည်းနည်း တတ်နိုင်တဲ့သူက မြို့ထဲမှာ သွားမွေးကြတယ်။ ဘာအထောက်အကူမှမရှိဘဲ တောထဲမှာ မွေးရတော့ ခက်ခက်ခဲခဲမွေးရတဲ့ လူအတွက်ဆိုရင်တော့ အသက်အန္တာရာယ်တောင် စိုးရိမ်ရပါတယ်” ဟု ၎င်းက ပြောသည်။
စစ်ရှောင်ရင်း တောထဲ၌ ခက်ခက်ခဲခဲ မီးဖွားခဲ့ရသည့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ဆေးဝါးများ အထူး လိုအပ်နေသည့်အပြင် မီးမဖွားသေးသည့် ကိုယ်ဝန်ဆောင် မိခင်များအတွက်လည်း ကာကွယ်ဆေးများ ထိုးရန် လိုအပ်နေကြောင်း အဆိုပါ မီးဖွားဆရာမ ဆက်ပြောသည်။
စစ်ကောင်စီတပ်သည် ရွှေကူမြို့အရှေ့တောင်ဘက်ကို မတ်လ ၂၀ ကျော်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ရာ KIA ၊ PDF တို့၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အထိနာခဲ့ပြီး ယင်းဒေသရှိ ကျေးရွာပေါင်း ၁၂ ရွာ ကို မီးရှို့ဖျက်ဆီး ခဲ့သောကြောင့် ဒေသခံများ ယခုအချိန်ထိ စစ်ရှောင်နေရဆဲ ဖြစ်သည်။
အဆိုပါ ကျေးရွာ ၁၂ ရွာမှ ကိုယ်ဝန်ဆောင် မိခင်များသည် စစ်ဘေးမရှောင်ရခင်က စီတာ တိုက်နယ်ဆေးရုံတွင် ကာကွယ်ဆေး သွားရောက်ထိုးနှံခဲ့ကြသော်လည်း လက်ရှိတွင် ယင်းတိုက်နယ်ဆေးရုံ၌ သူနာပြုဆရာမများ မရှိသောကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကာကွယ်ဆေး ထိုးနှံရမည့် အခွင့်အရေး ဆုံးရှုံးရကြောင်း ကိုယ်ဝန်ဆောင်မိခင်တစ်ဦးက အခုလို ပြောသည်။
“ကျွန်မတို့ရွာ ပျက်ပြီးကတည်းက သုံးလပိုင်းကတည်းကနေ ဆေးမထိုးရတော့ဘူး၊ ကိုယ်ဝန်ဆောင်မိခင်တွေ ကာကွယ်ဆေး ကိုယ်ဝန်ဆောင်ပြီး သုံးလပြည့်မှ ကာကွယ်ဆေးထိုးရတာ ၂ လ ဆက်တိုက်ပေါ့။ ကျွန်မက အရံသားဖွားဆိုတော့ မထိုးပေးဘူး။ ဆရာမတွေပဲ ထိုးပေးတာ အခုဆရာမတွေက မရှိတော့ဘူးလေ” ဟု ၎င်းက ပြောဆိုသည်။
ယခုကဲ့သို့ ဆေးရုံ၊ ဆေးခန်း မရှိသည့်အတွက် ငွေကြေးတတ်နိုင်ကြသော ကိုယ်ဝန်ဆောင်မိခင်တချို့သည် ၁၀ မိုင်ကျော်ဝေးသည့် ရွှေကူမြို့ပေါ် ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ရန် ခက်ခဲနေသည် ပြောကြသည်။
စီသာကျေးရွာရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၏ မိခင်ဖြစ်သူက “Nurse တွေလည်း မရှိဘူး ဘယ်သူမှ မရှိဘူး။ ဒီမှာက ဆေးရုံက ပိတ်နေကြာပြီ၊ အဲ့ကြောင့် အခက်အခဲတွေတော့ ရှိတာပေါ့။ မမွေးသေးတဲ့ဟာတွေလည်း အများကြီး၊ တတ်နိုင်တဲ့လူကတော့ မြို့ထဲမှာ ခွဲခန်းသွားပြ ကြတယ်။ မတတ်နိုင်တဲ့ လူကတော့ ဒီတိုင်းပဲနေကြတယ်၊ ဟိုဆေးစား ဒီဆေးစားတွေနဲ့” ဟု ပြောသည်။
ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ရပြီး လေးလအကြာတွင် ကာကွယ်ဆေး ၂ ကြိမ်တိတိ ထိုးနှံရမည်ဖြစ်သော်လည်း တစ်ကြိမ်မျှပင် မထိုးရသေးသည့် စစ်ရှောင်ကိုယ်ဝန်ဆောင် မိခင်တချို့ရှိနေကြောင်း သိရှိရသည်။
KNG ပေးပို့သည်။