သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်းသို့ အာဏာသိမ်းစစ်တပ်သည် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။
နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင် ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်းစရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင် ဉီးဇင်း၏ ရုပ်အလောင်းကို ပွေးနဖား – နွားဘန်းကြီး သွားလမ်းတွင် ပြန်တွေ့ခဲ့သည်။
အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း အာဏာသိမ်းစစ်တပ်က ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာသို့ စစ်အင်အားအလုံးရင်းဖြင့် ဝင်ရောက်တပ်စွဲ၍ စစ်ကြောင်းထိုးနေသောကြောင့် ဒေသခံများ ခြံမသွားရဲကြကြောင်း သိရသည်။
“စစ်သားတွေ တစ်ခါလာရင် တရာလောက်ရှိတယ်၊ ရွာထဲမှာ တပ်စွဲထားတယ်၊ တောဘက်ကို စစ်ကြောင်း နေ့တိုင်းသွားတယ်၊ သူတို့က နေ့တိုင်းနီးပါး စစ်ကြောင်းထိုးနေတော့ တောင်ယာခြံတောင် မသွားရဲဘူး၊ ခုတလော ရွာငံမှာ ဖမ်းဆီးကြမ်းနေတော့ ကိုယ့်လည်း ဖမ်းမှာကြောက်နေရတာ” ဟု နွားဘန်းကြီး ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြင် ရွာငံမြို့ပေါ် ရပ်ကွက်များတွင်လည်း အမျိုးသမီးအပါဝင် မြို့ခံ (၄) ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွားကြောင်း ၎င်းအမျိုးသမီးက ပြောသည်။
အလားတူ ရေဦးကျေးရွာဘက်တွင်လည်း ဇနီးမောင်နှံနှစ်ဦးကို အာဏာသိမ်းစစ်တပ်က စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆို၍ ဖမ်းဆီးသွားပြီး ယနေ့အထိ အဆက်သွယ်မရသေးကြောင်း ဒေသခံများထံမှ သိရသည်။
ဆက်လက်ပြီး ပြီးခဲ့သည့် ဇူလိုင်လ (၂၄) ရက်တွင်လည်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာသို့ အာဏာသိမ်းစစ်တပ်က အင်အားအလုံးရင်းဖြင့် ဝင်ရောက်၍ ရွာသားများကို ဖမ်းဆီးရိုက်နှက်ခဲ့ရာ အမျိုးသားတစ်ဦးက သေဆုံးသွားခဲ့ကြောင်း သိရသည်။
“အခုကတော့ ကျောက်ငှက်မှာ နဲနဲလေး အခြေနေငြိမ်နေတယ်၊ စစ်သားတွေတော့ ရှိတယ်၊ ရွားသားတွေ နည်းသွားတယ်၊ ရှောင်နေကြတဲ့သူလည်းရှိတော့၊ စစ်တပ်က ဖမ်းပြီးရိုက်လို့ ရွာသားတစ်ဦး သေသွားတယ် ဘာမှတာဝန်ယူမှုမလုပ်ပေးဘူး၊ သတင်းလည်း ပေးမထွက်ဘူး၊ အလောင်းကိုတောင် သူတို့ရှေ့မှာ တန်းမြှုပ်ရတယ်” ဟု ဖြစ်စဉ်သိရှိသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ သေဆုံးသူသည် ကျောက်ငှက်ကျေးရွာမှ အသက် (၄၀) ဝန်းကျင် အမျိုးသားတစ်ဦးဖြစ်ပြီး ကျေးရွာအတွင်း မည်သည့်လက်နက်ကိုင်နှင့်မျှ ပတ်သက်ဆက်နွှယ်ခြင်း မရှိသူဖြစ်ကြောင်းနှင့် အနေအေးသူဖြစ်ကြောင်း အဆိုပါအမျိုးသားက ထပ်လောင်းပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက် နေ့လည်ပိုင်းတွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စု ဆင်ဆာပြားကျေးရွာအနီးတွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲကြောင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်ဆေးမှုတင်းကြပ်နေပြီး ကျေးရွာများတွင်လည်း အင်အားအလုံးရင်းဖြင့် တပ်စွဲထားနေကြောင်း သိရသည်။
ရွာငံမြို့နယ်အတွင် စစ်ကော်မရှင်တပ်၊ စစ်ကော်မရှင်တပ် လက်အောက်ခံ ပျူစောထီးတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်၊ ဓနုအမျိုးသားလွတ်မြောက်ရေးတပ်ဦး DPLA/DPLF နှင့် ဓနုပြည်နယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DSNDA) တို့ သွားလာလှုပ်ရှားမှုရှိကြောင်း သိရသည်။
သျှမ်းသံတော်ဆင့်