မွန်ပြည်နယ်၊ ရေးမြို့နယ် မော့ကနင်ကျေးရွာက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို စစ်ကောင်စီ ခလရ-၁၀၆ တပ်ရင်းက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ မော့ကနင်ကျေးရွာက စီးပွားရေးလုပ်ငန်းရှင် နိုင်တင့်ဝေကို မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီ ခလရ-၁၀၆ တပ်ရင်းက စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။
နီးစပ်သည့် ဒေသခံတစ်ဦးက “စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီးတော့ ဖမ်းခေါ်သွားတာပဲ သိရတယ်။ ဘာကြောင့်ဖမ်းသွားတာလဲတော့ မသိဘူး” ဟု ပြောသည်။
စီးပွားရေးလုပ်ငန်းရှင် နိုင်တင့်ဝေကို စစ်ကောင်စီတပ်က မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးဘူးဟု ဆိုသည်။
ယနေ့အချိန်ထိ အဆက်အသွယ်မရသေးသည့်အပြင် ၎င်းနှင့်ပတ်သက်သည့် သတင်းအချက်အလက် တစ်စုံတစ်ရာလည်း မကြားသိရသေးသောကြောင့် မိသားစုဝင်များက စိုးရိမ်နေကြဟု နီးစပ်သူများက ပြောသည်။
နိုင်တင့်ဝေသည် စက်သုံးဆီဆိုင်၊ ကုန်မာဆိုင်နှင့် ဆေးဆိုင်များ ဖွင့်လှစ်ထားပြီး ကျောင်းဒါယိကာတစ်ဦးဖြစ်သည်ဟုလည်း နီးစပ်သူများက ပြောသည်။
ရေးမြို့နယ် မော့ကနင်ကျေးရွာက ဒေသခံတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးမှု ဆက်တိုက်ပြုလုပ်နေပြီး ရက်ပိုင်းအတွင်းမှာပင် ဒေသခံ ၄ ဦးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်ဟု ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်လည်း မော့ကနင်ရွာသား နိုင်ဗင်ဆိုသူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရော်ဘာခြံတွင် အကြောင်းမဲ့ ပစ်သတ်ခဲ့သေးသည်။
ရေးမြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးလာသည်များ ရှိနေသည့်အပြင် ဒေသခံများကို ဖမ်းဆီးခြင်းနှင့် ပစ်သတ်သည့်ဖြစ်စဥ်များ ဆက်တိုက်လုပ်ဆောင်လာနေသည်ဟု ဒေသခံများက ပြောသည်။
NMG – ပေးပို့သည်။