ရန်ကုန်တိုင်းတွင် အသက် ၂၀ ကျော်လူငယ်များကို လူပွဲစားများက လှည့်ဖြားခေါ်ဆောင်၍ စစ်မှုထမ်းအတွက် ဖမ်းဆီးကာ စစ်အုပ်စုထံ ရောင်းစားမှုများရှိလာကြောင်း Rangoon Scout Network (RSN)နှင့် ဒေသခံများထံမှ သိရသည်။
ယခုလ နိုဝင်ဘာလဒုတိယအပတ်နှင့် တတိယအပတ်အတွင်း ကုမ္ပဏီဝန်ထမ်း၊ အလုပ်ပွဲစားမှတဆင့် အလုပ်လိုအပ်နေသူများကို ဖမ်းဆီးပြီး တပ်သားစုဆောင်းနေခြင်းဖြစ်သည်။
ယခုလထဲတွင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြိုနယ်၊ ကုန်းတလပေါင်ကျေးရွာနေ လူငယ်သုံးဦးကို အလုပ်ပွဲစားက ဖမ်းဆီး၍ စစ်အုပ်စုတပ်ထံ ပို့အခကြေးငွေဖြင့် ပို့ဆောင်ခြင်းဖြစ်ကြောင်း ရန်ကုန်ကင်းထောက်ကွန်ရက်အဖွဲ့ RSN မှတာဝန်ရှိသူက မဇ္စျိမသို့ ပြောသည်။
“ပွဲစားက အလုပ်ရှိတယ်လို့ လိမ်ခေါ်ပြီး စစ်တပ်ဆီ ရောင်းစားသွားတာပါဗျ။ တောင်ငူတပ်ထဲ ပို့လိုက်တယ်လို့ သိရပါတယ်။ ယေဘုယျအားဖြင့် ဒဂုံမြို့သစ် (၄) မြို့နယ်၊ သာကေတ၊ မြောက်ဥက္ကလာ စတဲ့ ဆင်ခြေဖုံးမြို့နယ်တွေမှာ အစစ်အဆေးအဖမ်းအဆီးလုပ်တာတွေ ပိုများပါတယ်ဗျ။ အခြေခံလူတန်းစားများတဲ့နေရာတွေကို ပစ်မှတ်ထားကြပါတယ်” ဟု ၎င်းကပြောသည်။
ထိုဖြစ်စဉ်သကဲ့သို့ ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့ကလည်း လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးဝင်းတွင်လည်း နယ်ဝေးမှ ရန်ကုန်မြို့သို့ လာရောက်သူ လူငယ်တဦးကိုလည်း အငှားယာဥ်တက္ကစီက လှည့်ဖြား၍ စစ်အုပ်စုထံရောင်းစား၍ ပို့ဆောင်ခြင်းများရှိကြောင်း ဒေသခံများနှင့် RSN ထံ သိရသည်။
အလားတူ နိုဝင်ဘာလဆန်းပိုင်းက ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်တွင် လူငယ်တဦးကိုလည်း အဆောင်အတွက် ချိတ်ပေးမည့် အကျိူးဆောင်အသွင်ယူထားသူက လက်ဖက်ရည်ဆိုင်တွင်တွေ့ဆုံပြီးနောက် ခေါ်ဆောင်သွားရာကနေ ဖမ်းဆီးပို့ဆောင်ခြင်းဖြစ်ကြောင်း ၎င်း၏မိတ်ဆွေတဦးကပြောသည်။
“ကျွန်တော်တို့က အတူနေကြတာ။ သူက မြို့ထဲမှာနေချင်လို့ဆိုပြီး အဆောင်စုနေဖို့ လိုင်းပေါ်ဂရုကနေ လူစုနေဖို့ ပိုစ့်တင်ထားတာတွေ့တော့ အယောင်ဆောင်ပွဲစားက အိမ်လိုက်ပြမယ်ဆိုပြီး ခေါ်သွားတာ၊ ညအထိ ဖုန်းမဆက်တာနဲ့ စောင့်နေသေးတယ်။ နောက် နှစ်ရက်နေတော့ လိုက်စုံစမ်းရင်း တပ်ထဲပါသွားတာသိတာ၊ ၁၅ သိန်းနဲ့ ရောင်းစားခံရတယ်လို့တော့ သိတယ်။ သူ့ကိုကျ သူ့အမေက ပြန်ရွေးမယ်ပြောတာ တပ်ထဲပို့လိုက်လို့ အရွေးမခံတော့ဘူးလို့ပြောတယ်” ဟု ၎င်းကဆိုသည်။
ထို့အပြင် ပုဂ္ဂလိက နာမည်ကြီး မျက်စိအထူးကုဆေးခန်းကုမ္ပဏီမှ ဝန်ထမ်းယူနီဖောင်းဝတ်ထားသည့် အသက် ၂၀ ဝန်းကျင် ဝန်ထမ်းအမျိုးသား နှစ်ဦးကိုလည်း ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ဝင်းအနီးတွင် ယခုလ နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၈ နာရီအချိန်တွင် အရပ်ဝတ်များက ဖမ်းဆီး၍ စစ်တပ်ထံပို့ဆောင်ခဲ့ကြောင်း ဖမ်းဆီးခံရသူများ၏ နီးစပ်သူက မဇ္ဈိမသို့ပြောသည်။
“ကျွန်မတို့ဆေးခန်းက ကောင်လေးနှစ်ယောက် ရုံးကအပြန် ပြည်သူ့ရင်ပြင်ကိုသွားတာ အပြန်မှာ ဖမ်းခံလိုက်ရတာ ဆေးခန်းအကြောင်းမေးပြီး ခေါ်သွားတာ။ ဖုန်းဆက်လာတော့ တယောက်ကို သိန်း ၁၈၀ နဲ့ရွေးခိုင်းတော့ ဝန်ထမ်းတွေဖြစ်နေတော့ လစာလည်းမကောင်းတော့ ဒီတိုင်းထားလိုက်ရတာ သူတို့အိမ်တွေကလည်း မတတ်နိုင်ဘူးလေ။ နောက်ရက်ကျ တပ်ကိုပို့လိုက်ပြီလို့ အကြောင်းကြားတယ်” ဟု ၎င်းကဆိုသည်။
တက္ကစီမောင်းနှင်သူများ၊ အလုပ်ပွဲစားအချို့မှာ ပျူတွေစောထီးနှင့် ၎င်းတို့ဆက်စပ်သူများမှာ လမ်းမတွင် ရုတ်တရက် အလစ်အငိုက် ဖမ်းဆီးခံရသူများကို တဦးလျှင် ၁၅ သိန်းမှ သိန်း ၃၀ အထိ အစားစား အခကြေးငွေဖြင့် စစ်အုပ်စုတပ်ထံ ရောင်းစားခြင်းများ လုပ်ဆောင်နေကြောင်း သာကေတ၊ တောင်ဒဂုံ၊ လှိုင်သာယာမှ ဒေသခံများ၏အဆိုအရ သိရသည်။
“ညမှောင်ချိန်တွေ လူပြတ်တဲ့နေရာတွေမှာ တယောက်စ၊ နှစ်ယောက်စ သွားလာတာတွေမလုပ်ဖို့ သတိပေးချင်ပါတယ်ဗျ။ သူတို့က အပတ်စဉ်တိုင်း လူလိုနေလို့ အမြဲချောင်းနေတာမို့ပါ။ သူတို့အတွက် လူရရင်ရ၊ မရရင် ပိုက်ဆံရနေတဲ့ဂွင်ဖြစ်နေပါပြီ။ ပြီးတော့ ကိုယ့်ရပ်ကွက်၊ ကျေးရွာမှာ စစ်မှုထမ်းလူစုဆောင်းနေသူတွေရဲ့ လှုပ်ရှားမှုတွေကို နားစွင့်ထားဖို့နဲ့ တခုခုဆို ယာယီရှောင်နေလို့ရအောင်လို့ ကြိုစီစဉ်ထားကြပါလို့ ပြောချင်ပါတယ်ဗျ” ဟု Rangoon Scout Network (RSN) မှ တာဝန်ရှိသူက သတိပေးသည်။
RSN ၏ အချက်အလက်များအရ ယခုနိုဝင်ဘာလအတွင်း စစ်အုပ်စုက ရန်ကုန်တွင် လူ ၃၀ ထက်မနည်း ဖမ်းဆီးနေခြင်းဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်တိုင်း စစ်သင်တန်းကျောင်းများ၌ စစ်မှုထမ်းအပတ်စဉ် (၁၉) စတင်ကြောင်း အာဏာသိမ်းစစ်အုပ်စုက သတင်းထုတ်ပြန်ထားသည်။
စစ်အုပ်စု၏ တပ်သားစုဆောင်းမှုများအတွက် လမ်းသွားလမ်းလာများ၊ လမ်းဘေးထိုင်နေစဉ်၊ ရှာဖွေစစ်ဆေးစဉ်၊ ဧည့်စစ်ရှောင်တခင်စစ်ဆေးရာမှ ဖမ်းဆီးခြင်းများကို ရန်ကုန်တိုင်းရှိ ဒဂုံမြို့သစ်၊ မြောက်ဥက္ကလာ၊ တွံတေး၊ သာကေတ၊ အင်းစိန်၊ မင်္ဂလာတောင်ညွန့်၊ မင်္ဂလာဒုံ၊ အလုံ၊ ကြည့်မြင်တိုင်၊ သင်္ဃန်းကျွန်း၊ ဗဟန်းနှင့် သာကေတမြို့နယ်တို့၌ဖြစ်ကြောင်း Rangoon Scout Network ၏ စာရင်းအရ သိရသည်။
မဇ္စျိမ