ရန်ကုန်တွင် လူငယ်များကို လှည့်ဖြား​၍ စစ်မှုထမ်းအတွက် လူပွဲစားများက ဖမ်းဆီး​ရောင်းစားမှုများ ရှိလာ

By MPM 27 နိုဝင်ဘာ, 2025 👁

ရန်ကုန်တိုင်းတွင် အသက် ၂၀ ​ကျော်လူငယ်များကို လူပွဲစားများက လှည့်ဖြား​ခေါ်​ဆောင်၍ စစ်မှုထမ်းအတွက် ဖမ်းဆီးကာ ​စစ်အုပ်စုထံ ရောင်းစားမှုများရှိလာ​ကြောင်း Rangoon Scout Network (RSN)နှင့်​ ဒေသခံများထံမှ သိရသည်။

ယခုလ နိုဝင်ဘာလဒုတိယအပတ်နှင့် တတိယအပတ်အတွင်း ကုမ္ပဏီဝန်ထမ်း၊ အလုပ်ပွဲစားမှတဆင့် အလုပ်လိုအပ်​နေသူများကို ဖမ်းဆီး​ပြီး တပ်သားစု​ဆောင်း​နေခြင်းဖြစ်သည်။

ယခုလထဲတွင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြိုနယ်၊ ကုန်းတလပေါင်​ကျေးရွာနေ လူငယ်သုံးဦးကို အလုပ်ပွဲစားက ဖမ်းဆီး၍ စစ်အုပ်စုတပ်ထံ ပို့​​အခ​ကြေး​ငွေဖြင့် ပို့ဆောင်ခြင်းဖြစ်​ကြောင်း ရန်ကုန်ကင်း​ထောက်ကွန်ရက်အဖွဲ့ RSN မှတာဝန်ရှိသူက မဇ္စျိမသို့​ ပြောသည်။

“ပွဲစားက အလုပ်ရှိတယ်လို့ လိမ်ခေါ်ပြီး စစ်တပ်ဆီ ရောင်းစားသွားတာပါဗျ။ တောင်ငူတပ်ထဲ ပို့လိုက်တယ်လို့ သိရပါတယ်။ ယေဘုယျအားဖြင့် ဒဂုံမြို့သစ် (၄) မြို့နယ်၊ သာကေတ၊ မြောက်ဥက္ကလာ စတဲ့ ဆင်ခြေဖုံးမြို့နယ်တွေမှာ အစစ်အဆေးအဖမ်းအဆီးလုပ်တာတွေ ပိုများပါတယ်ဗျ။ အခြေခံလူတန်းစားများတဲ့နေရာတွေကို ပစ်မှတ်ထားကြပါတယ်” ဟု ၎င်းက​ပြောသည်။

ထိုဖြစ်စဉ်သကဲ့သို့ ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်​နေ့ကလည်း လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးဝင်းတွင်လည်း နယ်​ဝေးမှ ရန်ကုန်မြို့သို့ လာ​​ရောက်သူ လူငယ်တဦးကိုလည်း အငှားယာဥ်တက္ကစီက လှည့်ဖြား၍ စစ်အုပ်စုထံ​​ရောင်းစား၍ ပို့​ဆောင်ခြင်းများရှိ​ကြောင်း ​ဒေသခံများနှင့် RSN ထံ သိရသည်။

အလားတူ နိုဝင်ဘာလဆန်းပိုင်းက ရန်ကုန်မြို့၊​ ပန်းဘဲတန်းမြို့နယ်​တွင် လူငယ်တဦးကိုလည်း အ​ဆောင်အတွက် ချိတ်​ပေးမည့် အကျိူး​ဆောင်အသွင်ယူထားသူက လက်ဖက်ရည်ဆိုင်တွင်​တွေ့ဆုံပြီး​နောက်​ ခေါ်​ဆောင်သွားရာက​နေ ဖမ်းဆီးပို့​ဆောင်ခြင်းဖြစ်​ကြောင်း ၎င်း၏မိတ်​ဆွေတဦးက​ပြောသည်။

“ကျွန်​တော်တို့က အတူ​နေကြတာ။ သူက မြို့ထဲမှာ​နေချင်လို့​ဆိုပြီး အ​ဆောင်​စု​နေဖို့ လိုင်း​ပေါ်ဂရုက​နေ လူစု​နေဖို့ ပိုစ့်တင်ထားတာ​တွေ့​တော့ အ​ယောင်​​ဆောင်ပွဲစားက အိမ်လိုက်ပြမယ်ဆိုပြီး ခေါ်သွားတာ၊ ​ညအထိ ဖုန်းမဆက်တာနဲ့​ စောင့်​နေ​သေးတယ်။ ​နောက် နှစ်ရက်​နေ​တော့ လိုက်စုံစမ်းရင်း တပ်ထဲပါသွားတာသိတာ၊ ​၁၅ သိန်းနဲ့ ရောင်းစားခံရတယ်လို့​တော့ သိတယ်။ သူ့ကိုကျ သူ့အ​မေက ပြန်​ရွေးမယ်​ပြောတာ တပ်ထဲပို့လိုက်လို့ အရွေးမခံတော့ဘူးလို့​ပြောတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် ပုဂ္ဂလိက နာမည်ကြီး မျက်စိအထူးကု​ဆေးခန်းကုမ္ပဏီမှ ဝန်ထမ်းယူနီဖောင်းဝတ်ထားသည့် အသက် ၂၀ ဝန်းကျင် ဝန်ထမ်းအမျိုးသား နှစ်ဦးကိုလည်း ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ဝင်းအနီးတွင် ယခုလ နိုဝင်ဘာလ ၁၀ ရက်​နေ့ ည ၈ နာရီအချိန်တွင် အရပ်ဝတ်များက ဖမ်းဆီး၍ စစ်တပ်ထံပို့​​ဆောင်ခဲ့​ကြောင်း ဖမ်းဆီးခံရသူများ၏ နီးစပ်သူက မဇ္ဈိမသို့​ပြောသည်။

“ကျွန်မတို့​ဆေးခန်းက ​ကောင်​လေးနှစ်​ယောက် ရုံးကအပြန် ပြည်သူ့ရင်ပြင်ကိုသွားတာ အပြန်မှာ ဖမ်းခံလိုက်ရတာ ​ဆေးခန်းအ​ကြောင်း​မေးပြီး​ ခေါ်သွားတာ။ ​​ဖုန်းဆက်လာ​တော့ တ​ယောက်ကို သိန်း ၁၈၀ နဲ့​ရွေးခိုင်း​တော့ ဝန်ထမ်း​တွေဖြစ်​နေ​တော့ လစာလည်းမ​ကောင်း​တော့ ဒီတိုင်းထားလိုက်ရတာ သူတို့အိမ်​တွေကလည်း မတတ်နိုင်ဘူး​လေ။ နောက်ရက်ကျ တပ်ကိုပို့လိုက်ပြီလို့ အ​ကြောင်းကြားတယ်” ဟု ၎င်းက​ဆိုသည်။

တက္ကစီမောင်းနှင်သူများ၊ အလုပ်ပွဲစားအချို့မှာ ပျူတွေ​စောထီးနှင့် ၎င်းတို့ဆက်စပ်သူများမှာ လမ်းမတွင် ရုတ်တရက် အလစ်အငိုက် ဖမ်း​ဆီးခံရသူများကို တဦးလျှင် ၁၅ သိန်းမှ သိန်း ၃၀ အထိ အစားစား အခ​ကြေး​ငွေဖြင့်​ စစ်အုပ်စုတပ်ထံ​ ရောင်းစားခြင်းများ လုပ်​ဆောင်​နေ​ကြောင်း သာ​ကေတ၊​ တောင်ဒဂုံ၊ လှိုင်သာယာမှ​ ဒေသခံများ၏အဆိုအရ သိရသည်။

“ညမှောင်ချိန်တွေ လူပြတ်တဲ့နေရာတွေမှာ တယောက်စ၊ နှစ်ယောက်စ သွားလာတာတွေမလုပ်ဖို့ သတိပေးချင်ပါတယ်ဗျ။ သူတို့က အပတ်စဉ်တိုင်း လူလိုနေလို့ အမြဲချောင်းနေတာမို့ပါ။ သူတို့အတွက် လူရရင်ရ၊ မရရင် ပိုက်ဆံရနေတဲ့ဂွင်ဖြစ်နေပါပြီ။ ပြီးတော့ ကိုယ့်ရပ်ကွက်၊ ကျေးရွာမှာ စစ်မှုထမ်းလူစုဆောင်းနေသူတွေရဲ့ လှုပ်ရှားမှုတွေကို နားစွင့်ထားဖို့နဲ့ တခုခုဆို ယာယီရှောင်နေလို့ရအောင်လို့ ကြိုစီစဉ်ထားကြပါလို့ ပြောချင်ပါတယ်ဗျ” ဟု Rangoon Scout Network (RSN) မှ တာဝန်ရှိသူက သတိ​ပေးသည်။

RSN ၏ အချက်အလက်များအရ ယခုနိုဝင်ဘာလအတွင်း စစ်အုပ်စုက ရန်ကုန်တွင် လူ ၃၀ ထက်မနည်း ဖမ်းဆီး​နေ​ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်တိုင်း စစ်သင်တန်းကျောင်းများ၌ စစ်မှုထမ်းအပတ်စဉ် (၁၉) စတင်ကြောင်း အာဏာသိမ်းစစ်အုပ်စုက သတင်းထုတ်ပြန်ထားသည်။

စစ်အုပ်စု၏ တပ်သားစု​ဆောင်းမှုများအတွက် လမ်းသွားလမ်းလာများ၊ လမ်း​ဘေးထိုင်​နေစဉ်၊ ရှာ​ဖွေစစ်​ဆေးစဉ်၊ ဧည့်စစ်​ရှောင်တခင်စစ်​ဆေးရာမှ ဖမ်းဆီးခြင်းများကို ရန်ကုန်တိုင်းရှိ ဒဂုံမြို့သစ်၊​ မြောက်ဥက္ကလာ၊ တွံတေး၊ သာကေတ၊ အင်းစိန်၊ မင်္ဂလာတောင်ညွန့်၊ မင်္ဂလာဒုံ၊ အလုံ၊ ကြည့်မြင်တိုင်၊ သင်္ဃန်းကျွန်း၊ ဗဟန်းနှင့် သာကေတမြို့နယ်တို့၌ဖြစ်​ကြောင်း Rangoon Scout Network ၏ စာရင်းအရ သိရသည်။

မဇ္စျိမ