မွန်ပြည်နယ်အတွင်းမှာ စစ်မှုထမ်း အကြုံးမဝင်တဲ့ လူလတ်ပိုင်းတွေပါ စစ်သားစုဆောင်းလာ

By MPM 12 ဩဂုတ်, 2026 👁 50

မွန်ပြည်နယ်မှာ စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးခံရသူတွေအနက် စစ်မှုထမ်းအသက်အရွယ်နဲ့ အကြုံးမဝင်တဲ့ လူငယ်ပိုင်းတွေကို လဝကနဲ့ပေါင်းပြီး အသက်လိမ်ကာ စစ်မှုထမ်းခိုင်းနေတယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်မှုထမ်းတပ်သား လိုအပ်ချက်တွေရှိနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ အခုနှစ်ဆန်းပိုင်းကစလို့ ညပိုင်း လမ်းမှာတွေ့သမျှ ဒေသခံတွေနဲ့ ခရီးသွားပြည်သူတချို့ကို စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ရှိနေပါတယ်။

အဲလို စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးရာမှာ စစ်မှုထမ်းအသက်အရွယ်ကျော်တဲ့ အသက် ၄၀၊ ၄၀ နဲ့အထက် လူလတ်ပိုင်းတွေကို အသက် ၃၅ နှစ်ဆိုပြီး အသက်လိမ် မှတ်ပုံတင်ထုတ်ခိုင်းကာ စစ်သင်တန်းကျောင်း ပို့ဆောင်နေတာပါ။

Non CDM ဝန်ထမ်းတွေရဲ့ ပြောပြချက်အရ ဖမ်းဆီးခံရတဲ့ လူလတ်ပိုင်းတွေကို စစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေက လဝက မြို့နယ်မှူးအား မှတ်ပုံတင်အသစ် ပြုလုပ်ခိုင်းပြီး စစ်မှုထမ်းတပ်သားစုဆောင်းမှုတွေ လုပ်ဆောင်နေပါတယ်။

စစ်မှုထမ်းအတွက် မှတ်ပုံတင်အသစ် ထုတ်ပေးနေတဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ မြို့နယ်ဦးစီးမှူးတွေကလည်း စစ်မှုထမ်းတပ်သားစုဆောင်းမှုကနေ လစဉ် ငွေကျပ် သိန်းရာချီ ရရှိနေတယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းအတွက် လိုအပ်သလောက် မှတ်တင်ပုံအသစ်တွေ ထုတ်ပေးနေမှုဟာ မှားယွင်းတဲ့ လူဦးရေစာရင်း ကိန်းဂဏန်းတွေအပါအဝင် နိုင်ငံတည်ဆောက်ရေးအတွက် မူဝါဒချမှတ်ရာမှာ လွဲမှားတဲ့ အခြေအနေတွေအထိ ဖြစ်ပေါ်လာနိုင်ပါတယ်။

လဝက သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့က မွန်ပြည်နယ်မှာ ဖွင့်လှစ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၇ မှာ အသက်လိမ်ကာ စစ်မှုထမ်း စေးခိုင်းခံရတဲ့ စစ်မှုထမ်း အသက်အရွယ်ကျော်သူ ၃၀ နီးပါး ပါဝင်တယ်လို့ သိရပါတယ်။

တဖက်မှာလည်း အာဏာသိမ်း စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဟာ စစ်မှုထမ်း အသက်မပြည့်သေးပေမယ့် လူကောင်းထွားတဲ့ လူငယ်တချို့ကို အသက် ၁၈ နှစ် မှတ်ပုံတင်အသစ် ပြုလုပ်ပေးပြီး စစ်သင်တန်းကျောင်းတွေထံ ပို့ဆောင်နေပါတယ်။

အာဏာသိမ်း စစ်အုပ်စု အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ အသက် ၁၈ နှစ်အရွယ် ၃၅ နှစ်အရွယ်ရှိတဲ့ လူငယ်တွေဟာ မဖြစ်မနေ အနည်းဆုံး စစ်မှုထမ်းတာဝန် ၂ နှစ်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်တပ်က လစဉ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၇ အထိ ဒေသတွင်းရှိ လူငယ် ၅၆၀၀ ထက်မနည်း စစ်သားစုဆောင်းခံထားရပါတယ်။

သံလွင်တိုင်းမ်