မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် လာမည့် ဇွန်လ ၁၅ ရက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ခရီးမသွားကြရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က အမိန့်ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်ထဲတွင် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်းရှိ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ မြိတ် မြို့နယ် ၆ ခု အတွင်းရှိ အမှတ် ၈ လမ်းမကြီးတလျှောက် အသုံးပြု ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များအနေဖြင့် အမိန့်ထုတ်ပြန်ချက်အတိုင်း တိကျစွာ လိုက်နာကြရန် ဖော်ပြထားသည်။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်က ထုတ်ပြန်သည့် ထိုအမိန့်စာထဲတွင် အချက် ၄ ချက် ပါရှိပြီး ယင်းတို့မှာ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ မြိတ် စသည့် မြို့နယ်များနှင့် အမှတ် ၈ လမ်းမကြီးတလျှောက် သွားလာနေသည့် ခရီးသွားယာဉ်များ၊ ပြည်သူများအနေနှင့် KNLA တပ်ဖွဲ့ဝင်များ၏ စစ်ဆေးမှုကို လက်ခံရန်၊ မော်တော်ယာဉ်များပေါ်တွင် စစ်ကောင်စီနှင့် ပတ်သက်သူဖြစ်စေ၊ ရုပ်၀တ္ထုဖြစ်စေ တင်ဆောင်ခြင်း လုံး၀ မပြုလုပ်ရန်၊ ခရီးသွားပြည်သူလူထုအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူတကွ ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါမှု လုံး၀မပြုလုပ်ရန်နှင့် အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ယာဉ်များအနေဖြင့်လည်း ကြည်ဖြူစွာ စစ်ဆေးခံကြရန်တို့ ဖြစ်သည်။

ဓာတ်ပုံ- ကရင်အမျိုးသားမီဒီယာ
အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက “ဒီရက်ပိုင်း တိုက်ပွဲတွေတောက်လျှောက် ဖြစ်နေတယ်။ ခရီးသွားတာတွေတော့ မလုပ်ကြနဲ့ဦးပေါ့။ သူတို့လည်း ရန်သူနဲ့ ပြည်သူ ခွဲခြားချင်လို့ ဒီလိုလုပ်ကြရတာ။ အရင်က အပြစ်မဲ့သူတွေ သေဆုံးရတဲ့အထိ ဖြစ်ခဲ့ဖူးတယ်လေ” ဟု သုံးသပ်ပြောဆိုသည်။
လက်လော မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ မြိတ် စသည့် မြို့နယ်များတွင် စစ်ကောင်စီတပ်များနှင့် KNU/ KNLA၊ PDF ပူးပေါင်းတပ်များနှင့် နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ယင်းအမိန့်ထုတ်ပြန်ချက်ကို ကရင်အမျိုးသားအစည်းအရုံး KNLA တပ်မဟာ (၆)၊ အမှတ် (၂၇) တပ်ရင်းမှူး စောနယ်ဒါထူးက လက်မှတ်ရေးထိုး ထုတ်ပြန်ထားခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခရီးသွားပြည်သူများကို အကာအကွယ်ယူပြီး သွားလာနေသောကြောင့် ယခုလို ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် အမှတ် ၈ လမ်းမကြီးတလျှောက်တွင် KNLA တပ်က ထိုးဖောက်ထိန်းချုပ်နေပြီဖြစ်သည့်အတွက် ခရီးသွားပြည်သူများ ထိခိုက်နစ်နာမှု မဖြစ်စေရေးအတွက် အဆိုပါအမိန့်ကို လိုက်နာကြရန်လည်း တိုက်တွန်းထားသည်။
KNU ဗဟို၏ စာရင်းများအရ စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ခွဲကျော် နောက်ပိုင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်း အတွင်းရှိ KNU ထိန်းချုပ် နယ်မြေများတွင် တိုက်ပွဲပေါင်း ၉ ထောင်ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များ၏ မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် KNU ထိန်းချုပ် နယ်မြေများရှိ ဒေသခံ ၄ သိန်းကျော် ဘေးလွတ်ရာ ထွက်ပြေးနေကြရကြာင်း သိရသည်။
နိရဉ္စရာ ပေးပို့သည်။