စစ်ကောင်စီ၏ ပြည်သူ့စစ်မှူးထမ်းသင်တန်း အပတ်စဉ် – ၁၂ အထိ ရောက်ရှိလာစဉ်တွင် မွန်ပြည်နယ်တွင် စစ်သင်တန်းကျောင်း တက်ရောက်နေသူနှင့် သင်တန်းဆင်းတပ်သားတို့ ထွက်ပြေးတိမ်းရှောင်မှု များလာနေသည်ဟု စစ်သင်တန်းကျောင်းနှင့်နီးစပ်သူနှင့် တော်လှန်ရေးအဖွဲ့တို့ ပြောဆိုမှုအရ သိရသည်။
မွန်ပြည်၊ သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာ အမှတ် ၄ တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်းတွင် စစ်မှုထမ်း သင်တန်း တက်ရောက်နေသူတို့သည် အနီးဝန်းကျင်ရှိ ရောဘာခြံတဝိုက်ကို စစ်ဝတ်စုံဖြင့် ထွက်ပြေးသွားသည်ကို တွေ့ရှိရပြီး စစ်ကောင်စီအဖွဲ့တို့က လိုက်လံရှာဖွေမှု ဆက်တိုက်လုပ်နေကို တွေ့မြင်ရသည်ဟု သံဖြူဇရပ်ဒေသခံတို့က ပြောဆိုသည်။
သံဖြူဇရပ်ဒေသခံတစ်ဦးက “ထွက်ပြေးတဲ့သူတွေကို အမြဲတွေ့နေကြပါ၊ နောက်ပိုင်း နောက်ကနေ လိုက်လံရှာဖွေတဲ့ စစ်ကောင်စီအဖွဲ့တွေလည်း တော်တော်လေးကြမ်းလာတယ်။ ခြံအပြင်သွားလာလို့ ရပ်တဲ့နေရာတွေမှာ သူတို့ကားတွေကိုရပ်ပြီး ဝင်ရှာကြတယ်ပေါ့။ ညဘက်ဆိုလည်း ဓါတ်မီးနဲ့ ဟိုရှာဒီရှာပါပဲ” ဟု ပြောသည်။
ယင်းကဲ့သို့ရှာဖွေမှု လုပ်ဆောင်နေစဉ်တွင် ဒေသခံခြံလုပ်သားတို့အနေဖြင့် သတိရှိရှိနေထိုင်နေရကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့်နှစ် ၂၀၂၄ ခုနှစ်ကုန်ပိုင်းကပင် စစ်သင်တန်းမှထွက်ပြေးလာသူတို့ကို တွေ့ရှိရသော်လည်း ရှာဖွေမှု လုပ်ဆောင်သည်ကို မတွေ့ရှိရဘဲ ယခုနောက်ပိုင်းမှသာ စစ်ကောင်စီတပ်ဖွဲ့တို့က လူကိုယ်တိုင်ဖြင့်ဖြစ်စေ ဒရုန်းဖြင့်ဖြစ်စေ ရှာဖွေမှုများ ဆက်တိုက်လုပ်ဆောင်လာနေသည်ကို တွေ့ရသည်ဟု ဒေသခံတို့က ပြောသည်။
ထို့ပြင် သထုံ၊ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်ဘက်တွင်လည်း စစ်သင်တန်း ၃ လ တက်ရောက်ပြီး လက်နက်တပ်ဆင်ပေးထားသည့် တပ်သား၂၀ ဦးထက်မနည်း တော်လှန်ရေးတပ်ဖွဲ့တို့ထံ လက်နက်ချအလင်းဝင်လာကြောင်း သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောသည်။
“ကျနော်တို့ဆီမှာ လက်နက်မဲ့ရော လက်နက်နဲ့ရော ရောက်လာတာလည်းရှိတယ်။ ဒီတလောဆိုရင် ကျနော်တို့မှာ အယောက်၂၀ ယောက်လောက်ရှိတယ်။ အဲ့တော့ အခြားဘက်ကိုလည်း ပို့လိုက်တာလည်းရှိတယ်။ တနင်္သာရီ ပလောက်မြို့ဘက်က သင်တန်းဆင်းထားကြတဲ့သူတွေရော အချိတ်အဆက်ယူပြီး လာတာများတယ်။ အချို့က သေနတ်တွေ တနေရာဖွက်ပြီးလာတယ်” ဟု ကိုအေးမင်းထွန်းက ပြောသည်။
အလားတူ မွန်ပြည်နယ်တောင်ပိုင်းဒေသအတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့ထံတွင် စစ်မှုထမ်းသင်တန်းဆင်းတပ်သားတို့ လက်နက်ချအလင်းဝင်မှု လစဉ်ရှိနေကြောင်း သိရသည်။
စစ်သားစုဆောင်းရေးနှင့် စစ်သင်တန်းသို့ ပို့ဆောင်စဉ် တပ်သားများထွက်ပြေးပါက သင်တန်းကျောင်းရှိ ဆရာ၊ ဆရာမများ ရာထူးတိုး ဆိုင်းငံ့ခံရမည်ဟု စစ်ကောင်စီအကြီးအကဲတို့က ချမှတ်ထားကြောင်း စစ်မှုထမ်းသင်တန်းကျောင်းနှင့် နီးစပ်သူတို့မှ သိရသည်။
မွန်ပြည်နယ်တွင် လက်ရှိစစ်မှုထမ်းအပတ်စဉ် ၁၂ အထိ လူငယ်များကို မဲနှိုက်စေခြင်း၊ ပြစ်မှုကျုးလွန်သူများကို ဖမ်းဆီးပြီး စစ်သင်တန်းပို့ဆောင်ခြင်း၊ စစ်မှူးထမ်းစာရင်း ပါဝင်သူများကို ငွေကြေးဖြင့် လူအစားထိုးဌားရမ်းခြင်း စသည့် မတရားသောနည်းလမ်းနှင့် စစ်မှုထမ်းဥပဒေကို ဖြေရှင်းနေဆဲဖြစ်ကြောင်း မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ ဒါရိုက်တာနိုင်အဲမွန်ကပြောသည်။
“လူငယ်အမျိုးသားတွေကိုတော့ အပတ်စဉ် ၁ ကနေ အခုအပတ်စဉ် ၁၂ အထိ မဲနှိုက်စေတာ၊ ဧည့်စာရင်းစစ်ပြီး အတင်းအဓမ္မ စုဆောင်းတာ၊ စစ်မှုထမ်းရှောင်ဖို့ ငွေကြေးသတ်မှတ်ပြီး အဓမ္မငွေယူတာ၊ လူစားငှားပြီး ရှေ့တန်း သွားခိုင်းတာ၊ ရပ်ကွက်ထဲမှာ အသေးစားပြစ်မှုကျူးလွန်သူ လူငယ်တွေကိုဖမ်းပြီး စစ်သင်တန်းထဲ အတင်း ထည့်တာ၊ လမ်းခရီးမှာ အဖွဲ့လိုက်စောင့်ဖမ်းပြီး လူငယ်တွေကို စစ်ထဲပို့တာတွေ၊ သားပျောက်နေတဲ့ မိသားစုဝင်တွေ၊ ငွေမပေးနိုင်လို့ ဒီအတိုင်း ကိုယ့်ကလေးကိုထည့်ပေးလိုက်ရတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် အမျိုးသမီးများကို စစ်မှူးထမ်းခေါ်ဆောင်ခြင်း မရှိသေးကြောင်း စစ်ကောင်စီဘက်မှ ငြင်းဆန်ထား သော်လည်း မြေပြင်ယန္တရားများတွင် ကူညီထောက်ပံ့စေခြင်း၊ စစ်ကောင်စီတပ် တပ်ဖွဲ့ဝင်ရုံးတို့တွင် ဖိအားပေး ပါဝင်လုပ်ဆောင်နေရသည့် အမျိူးသမီးများ ရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့တွင် ဖွင့်လှစ်ထားသည့် မွန်ပြည်စစ်မှုထမ်း အပတ်စဉ် ၁၂ တွင် မော်လမြိုင်မြို့ရှိ ပျံကျ အလုပ်သမားများကို ကျပ်သိန်း ၄၀ ဖြင့် ဌားရမ်းခေါ်ယူကာ ပေါင်မြို့နယ် စစ်သင်တန်းသားအတွက် အစားထိုးခေါ်ယူခဲ့သေးကြောင်း သိရသည်။
နိုင်ငံတဝှမ်းတွင် စစ်မှုထမ်းယန္တရား လည်ပတ်နိုင်ရန် ဒေသခံပြည်သူငါးသောင်းနီးပါးသည် အဓမ္မတပ်သားအဖြစ် စုဆောင်းပြီး စစ်မှုထမ်းအပတ်စဉ် (၁၀) အထိ ဖွင့်လှစ်ရာ မွန်ပြည်နယ်မှ စုဆောင်းခံရသူ ၂ ထောင်နီးပါးရှိပြီး အမျိုးသမီး ၃၀ ဦး ထက်မနည်း ပါဝင်နေခဲ့သည်ဟု မွန်ပြည်လူ့အခွင့်ရေးဖောင်းဒေးရှင်း၏ အချက်အလက်အရ သိရသည်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ပြဌာန်းခဲ့သည့် စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်တွင် အစုလိုက် လူပျောက်ဆုံးမှု၊ လူမသိသူမသိ ဖမ်းဆီးခံရမှုနှင့် စစ်သားစုဆောင်းရေးဌာနသို့ အတင်းကြပ် ပို့ဆောင်ခံရမှု စသည့် လူ့အခွင့်အရေးချိုးဖောက်မှုတို့ကို ဆိုးဆိုးရွားရွား ခံနေကြရသည်။
IMNA ပေးပို့သည်။