ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်း ၂ခုဖြစ်သည့် လက်ကောက်ဈေးနှင့် မြို့ဦးခေါင်းစခန်းတို့ကို ကမ္ဘာစားနပ်ရိက္ခာ အစီအစဉ် WFP က လာရောက်ပြီး ဧပြီလနှင့်မေလအတွက် ရိက္ခာ နှစ်လစာဖိုး ထောက်ပံ့ကြေးများပေးခဲ့သည်ဟု သိရသည်။
လူတစ်ဦးစီကို တစ်လလျှင် ကျပ်ငွေ ၂၅၀၀၀ ကျပ်နှုန်းဖြင့် နှစ်လစာ ၅၀၀၀၀ ကျပ်စီ ထောက်ပံ့ပေးခဲ့ပြီး၊ ဆပ်ပြာတောင့် ၂ တောင့်စီနှင့် ၅ နှစ်အောက် ကလေးများအား အာဟာရမှုန့်တို့ကို ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။
လက်ကောက်ဈေးစစ်ဘေးရှောင်စခန်းတွင် ယခင်လက အိမ်ထောင်စု ၁၂၈ စု ထောက်ပံ့ကြေး ရရှိခဲ့သော်လည်း ယခုလာရောက် ထောက်ပံ့ကြေးပေးရာတွင် အိမ်ထောင်စု ၁၁၆ စုသာ ရရှိသည်ဟု လက်ကောက်ဈေး စခန်းတာဝန်ခံ ဦးကျော်မင်းက နိရဉ္စရာကိုပြောသည်။
“မေလ ၁၇ ရက်နေ့က ကျနော်တို့စခန်းကို WFP က လာရောက်ထောက်ပံ့ပေးခဲ့ပါတယ်။ ထောက်ပံ့ကြေး ရတဲ့သူက များတယ်။ မရတဲ့သူတွေလည်း ရှိတယ်။ အိမ်ထောင်စု ၁၁၆ စုသာရတယ်။ ကျန်တဲ့လက ၁၂၈ စုကို ထောက်ပံ့ခဲ့တယ်။ ဒီလို မုန်တိုင်းကြောင့် အခက်အခဲကြုံနေရချိန်မှာ လူသားချင်းစာနာတဲ့ အနေနဲ့ မိသားစုတိုင်းကို ထောက်ပံ့ပေးဖို့တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။
လက်ကောက်ဈေး စစ်ဘေးရှောင်စခန်းတွင် ကျေးရွာ ၆ရွာမှ စုစုပေါင်း အိမ်ထောင်စု ၁၅၉ စုရှိပြီး လူဦးရေ ၆၃၉ ဦးခိုလှုံနေကြောင်း၊ ၎င်းတို့မှာ မြောက်ဦးမြို့နယ် အုတ်ဖိုကန်၊ပေါက်တောပြင်၊ ဝေသာလီ၊ ရွာဟောင်းတော၊ သရက်အုပ်နှင့် မင်းပြားမြို့နယ် ပန်းမြောင်းတို့မှဖြစ်ကြောင်း ဦးကျော်မင်းက ပြောသည်။
ယခင်လက ပယ်ချခံခဲ့ရသည့် မိသားစုဝင်များမှာလည်း ထောက်ပံ့ငွေမရရှိသည့်အပြင် လက်ရှိစခန်းပြင်ပ ရောက်ရှိနေသည့် သူများမှာလည်း ထောက်ပံ့ကြေး တစ်စုံတစ်ရာ မရရှိသည့် အတွက် အလွန်တရာ အခက်အခဲဖြစ်နေကြသည်ဟု ဆိုသည်။
အလားတူ မေလ ၁၆ရက်နေ့ကလည်း မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ၂ လစာ ရိက္ခာဖိုး ထောက်ပံ့ပေးခဲ့ကြောင်း၊ သို့ရာတွင် အိမ်ထောင်စု ၁၉၀ စုအနက် အိမ်ထောင်စု ၁၀၄ စုကိုသာ ထောက်ပံ့ကြေးများပေးခဲ့သည်ဟု မြို့ဦးခေါင်းစခန်းတာဝန်ခံ ဦးမောင်မောင်သိန်းက နိရဉ္စရာကိုပြောသည်။
“၁၀၄ စုဘဲရတယ်။ ကျန်တဲ့သူတွေက ထောက်ပံ့ကြေးမရတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်စေတာပေါ့။ သူတို့ စခန်းမှာလည်း မနေချင်ကြတော့ဘူး။ သူများတွေရတာကို ငေးမောကြည့်နေပြီးတော့ ခံစားနေရကြရတယ်။ ရွာကို အပြီးပြန်ရအောင်လည်း လုပ်ကိုင် စားသောက်ဖို့က မဖြစ်သေးဘူး။ စစ်ရေးတွေရော စိတ်ချရတဲ့ အခြေအနေမှာမရှိသေးဘူးလေ” ဟုပြောသည်။
လက်ရှိ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတွင် စုစုပေါင်း လူဦးရေ ၇၉၆ ဦးခိုလှုံနေထိုင်လျက်ရှိပြီး၊ အိမ်ထောင်စု ၁၉၀ စုခန့်ရှိကာ ထိုအထဲမှ မိသားစုဝင် ၃၀ခန့်မှာ နေအိမ် မရှိဘဲ ခိုကပ်နေထိုင်ရသည် ဟုလည်း သိရသည်။
လက်ကောက်ဈေးနှင့် မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်း (၂) ခုတို့သည် ပြီးခဲ့သည့် မေလ ၁၄ ရက် နေ့လယ်ပိုင်းက ရခိုင်ကို ဖြတ်ကျော်ဝင်ရောက် တိုက်ခတ်သွားသည့် မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် နေအိမ်အဆောင် ၁၀၀ ကျော် ပျက်စီးမှုရှိခဲ့သေးသည်။
လက်ရှိတွင် ၎င်းပြိုပျက်သွားခဲ့သည် အဆောင်များအား အရေးပေါ် ပြန်လည် ပြုပြင်တည်ဆောက်ရန် လိုအပ်နေသည်ဟုလည်း စစ်ဘေးရှောင်များက ပြောသည်။
ရခိုင်ပြည်နယ်တွင် မေ ၁၄ ရက်က တိုက်ခတ်သွားခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် နေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဘုရား၊စေတီ၊ ဘုန်းတော်ကြီးကျောင်း၊ ဆေးရုံ၊ဆေးခန်းများ၊စာသင်ကျောင်းများနှင့် စျေးများလည်း ပျက်စီးခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီက ရခိုင်ပြည်နယ် ၁၇ မြို့စလုံးကို သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသအဖြစ် မေလ ၁၅ ရက်တွင် ကြေညာထားသည်။
ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။