မြောက်ဦးဆေးရုံ ပြန်လည်တည်ဆောက်ရေး ပြည်သူများ ကြိုးပမ်းနေ

By MPM 29 မတ်, 2026 👁 2

စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ပျက်စီးသွားခဲ့သည့် မြောက်ဦးဆေးရုံကြီးကို ပြန်လည်တည်ဆောက်ရန် ရခိုင်၊ မွတ်ဆလင်များနှင့် ပြည်တွင်း/ပြည်ပမှ စေတနာရှင်များ အင်တိုက်အားတိုက် ကူညီလှူဒါန်းနေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်က ရသေ့တောင်မြို့နယ်လုံးဆိုင်ရာ သံဃာတော်များနှင့် တကာ/မများထံမှ မြောက်ဦးဆေးရုံ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ငွေကျပ်သိန်း ၄၀၀ ကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။

ရသေ့တောင် ဒေသခံအမျိုးသမီးတစ်ဦးက “ကျမတို့ ရွာတွေမှာ တစ်အိမ်ဝင်တစ်အိမ်ထွက် အလှူခံတာတွေရှိတယ်။ လူတွေကလည်း စေတနာရှိရှိနဲ့ ထည့်ကြပါတယ်။ ဆေးရုံတစ်ခု ပျက်စီးသွားတာကြောင့် ပြန်လည်လည်ပတ်ဖို့ အခက်ခဲတွေ အများကြီး ဖြစ်ကြမယ်။ တစ်ခုခု အရေးပေါ်ဆိုရင်လည်း အဲဒီဖက်ကိုသွားရတော့ ဝိုင်းဝန်းပြီးတော့ တတ်နိုင်သလောက် ထည့်ကြတယ်” ဟု ဆိုသည်။

ယင်းအပြင် အာရက္ခပြည်သူ့ကျန်းမာရေးဌာန၊ အခြားအဖွဲ့အစည်းများနှင့် အလှူရှင်တို့၏ ထုတ်ပြန်ချက် စာရင်းများအရ မြောက်ဦးဆေးရုံ ပြန်လည်တည်ဆောက်ရေးအတွက် လက်ရှိတွင် အလှူငွေ ငွေကျပ် သိန်း ၁၄,၀၀၀ ကျော် (၁၄,၆၄၆) ရရှိပြီးဖြစ်ကြောင်းလည်း သိရသည်။

မြောက်ဦးဆေးရုံ ပြန်လည် တည်ဆောက်ရေးအတွက် ပြီးခဲ့သည့် ၂၀၂၆ ဇန်နဝါရီ ၁၉ ရက်က အရွယ်စုံ Arakan ladies အဖွဲ့မှ ငွေကျပ်သိန်း ၁,၃၀၀ ကျော်၊ ၂၀၂၆ ဖေဖော်ဝါရီ ၈ ရက်ကလည်း မောင်တောခရိုင် မွတ်ဆလင်များမှ ငွေကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းအပြင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်ကလည်း သူပုန်ဖြူရောင်းရင်းများထံမှ ငွေကျပ် ၁,၂၀၀ ကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၈ ရက်ကလည်း ဝေဟင်အောင် ပရဟိတအသင်းမှ ငွေကျပ် ၄,၁၀၀ ကို အရက္ခပြည် ဗဟိုကျန်းမာရေးဌာနထံသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ဝေဟင်အောင် ပရဟိတအသင်းကနေ ငွေကျပ်သိန်း ၁၈၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းအပြင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ ၂၆ ရက်အထိ ပြည်တွင်း/ပြည်ပ အလှူရှင်များထံမှ ရရှိခဲ့သည့် ငွေကျပ်သိန်း ၆,၈၀၀ ကျော် (၆၈၆,၅၆၈,၀၀၀) ကို ဝေဟင်အောင်ပရဟိတအသင်းကတစ်ဆင့် လှူဒါန်းခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်ကလည်း ကိုနိုင်လင်းမှ ငွေကျပ် ၅ သိန်း လှူဒါန်းခဲ့ကြောင်း အာရက္ခပြည့်သူ့ကျန်းမာရေးဌာန (ဗဟို) က ထုတ်ပြန်ထားသည်။

ထိုသို့ မြောက်ဦးဆေးရုံကြီး ပြန်လည်ထူထောင်ရန် ဝိုင်းဝန်းကူညီခြင်းများမှာ စည်းလုံးညီညွှတ်မှုကို ဖော်ပြခြင်းဖြစ်ပြီး ကောင်းမွန်သည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်း ရခိုင်ပြည်သူများက ပြောသည်။

လူမှုကူညီရေးလုပ်ကိုင်နေသူ ကျောက်တော်ဒေသခံတစ်ဦးက “ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျန်းမာရေးဌာနက အဓိက အရေးပါတော့ အခုလို စစ်ရေးကာလမှာ ပြန်ပြီးလုပ်ဖို့ ကူညီပေးတာ ကောင်းပါတယ်။ ပြီးရင် ရလာတဲ့ အလှူငွေတွေကို သုံးစွဲတဲ့စရိတ်တွေနဲ့ သေချာခွဲခြားရှင်းပြရင် ပိုကောင်းမယ်ထင်တယ်။ ဆေးရုံ ပြန်လည်တည်ဆောက်တာဟာ ကိုယ့်ဟာကိုယ် လုပ်နိုင်တယ်ဆိုတဲ့အင်အားကို ပြသရာလည်းရောက်တယ်” ဟု ဆိုသည်။

မြောက်ဦးပြည်သူ့ ဆေးရုံကြီးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် (အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့တွင်) စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၃၃ သေဆုံးပြီး ၇၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် ဆေးရုံအဆောက်အအုံ ပင်မဆေးကုသဆောင်၊ ခွဲစိပ်ခန်းနှင့် အခြားဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာအသုံးအဆောင်ပစ္စည်းများလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။

စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားနေထိုင်သည့် ကျေးရွာ၊ စာသင်ကျောင်းများ၊ စစ်ဘေးရှာင်စခန်းများ၊ ဆေးရုံဆေးခန်းများအပြင် ဘာသာရေးအဆောက်အဦးများကို လေကြောင်းပစ်မှတ်ထားတိုက်ခိုက်မှုများကို ဆက်တိုက်ကျူးလွန်နေပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျှက်ရှိသည်။

DMG