တနင်္သာရီတိုင်း မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ဂေါက်ကွင်းအနီးမှာရှိသည့် ပေါ်တော်မူ ဘုရားကုန်းတော်ပေါ်ကို လာရောက်သည့် ဘုရားဖူးများကို စစ်ကောင်စီတပ်က ငွေကြေးတောင်းယူနေသည်ဟု မြို့ခံများက ဆိုသည်။
အောက်တိုဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းက ဘုရားဖူးရန် ဆိုင်ကယ်ဖြင့် လာသည့် စုံတွဲ ၂ ဦးကို ဘုရား အတက်လမ်းတွင် တားဆီးစစ်ဆေးပြီးနောက် အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ ငွေကျပ်ငါးသောင်းကို တောင်းခံခဲ့ ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ မြိတ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
ထို့အပြင် ဒေသခံအမျိုးသားတစ်ဦးက “လက်နက်ကိုင်ထားတာ ၃ ယောက် တွေ့တယ်။ အစ်ကိုတို့ဆိုင်ကယ် ဖမ်းတာဆိုရင် မောင်းလိုင်စင်ရော ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း အပြည့်အစုံလည်း ပါပါတယ်၊ နံပါတ်ပြား၊ နောက်ကြည့်မှန်၊ ဝါယာရိမ်း အားလုံး ပြည့်စုံပါတယ် စစ်ကြည့်ပါလို့ ကျိုးကျိုးနွံနွံပြောတာတောင် ပိုက်ဆံ မပေးရင် ရပ်ကွက်ရုံးနဲ့ တပ်ထဲလိုက်ရမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုနေတာကြောင့် နာရီဝက်ခန့် အချေအတင် ညှိနှိုင်းပြီး ကျပ်နှစ်သောင်းပေးခဲ့ရတယ်” ဟု ပြောသည်။
အရပ်ဝတ်နှင့် လက်နက်ကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပေါ်တော်မူဘုရား ပရဝုဏ်အတွင်းမှာ တပ်စွဲထားပြီး ဘုရားဖူးလာသူများဆီကနေ မကြာခဏဆိုသလို ခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံနေသည်ဟု ကိုယ်တိုင်ကြုံခဲ့ရသူများက ဆိုသည်။
ပေါ်တော်မူဘုရားသို့ ဘုရားလာဖူးလာသူများနှင့် ဘုရားမုခ်ပေါက်အရှေ့ရှိ တောင်ပြိုကျေးရွာ အဝင်လမ်းထိပ်တွင် ယခုနှစ်အတွင်း ခြိမ်းခြောက်ငွေကြေး တောင်းခံရသူ ၂၀ ဦးကျော်ရှိနေသည်ဟု မြို့ခံများက ပြောသည်။
ထို့အပြင် စက်တင်ဘာလအတွင်းကလည်း ဘုရားရင်ပြင်ပေါ်တွင် မွေးနေ့အမှတ်တရ ဓာတ်ပုံရိုက်သူ ၄ ဦး ကို ဒဏ်ကြေးဟုဆိုပြီး တစ်ဦးကို ကျပ်တစ်သိန်း အထိ တောင်းခံမှု ရှိခဲ့သည်ဟု ပေါ်တော်မူဘုရား အနီးတွင် စျေးရောင်းနေသူများက ပြောသည်။
ပေါ်တော်မူဘုရား တောင်ခြေပတ်လည်သည် ဂေါက်ကွင်းဧရိယာနှင့် တဆက်စပ်တည်းတွင်တည်ရှိပြီး
စစ်ကောင်စီတပ်နှင့် နီးစပ်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များ မကြာခဏ လာလေ့ရှိသောကြောင့် ဘုရား ကုန်းတော်ပေါ်တွင် စစ်ကောင်စီတပ်အား လုံခြုံရေးချထားခြင်းဖြစ်ကြောင်း ဘုရားအနီးနေထိုင်သူများက ပြောသည်။
ပေါ်တော်မူဘုရားသည် မြိတ်မြို့၏ သမိုင်းဝင် အထင်ကရဘုရားတစ်ဆူဖြစ်ပြီး ဒေသအတွင်းနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက် လည်ပတ်ဖူးမျှော်သူ များပြားလေ့ရှိသည်။
NMG ပေးပို့သည်။