မြဝတီတောင်ပိုင်းကစစ်ရှောင်များ စားနပ်ရိက္ခာ ပိုမိုခက်ခဲလာ

By MPM 22 ဖေ‌ဖော်ဝါရီ, 2026 👁 3

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းတွင် စစ်အုပ်စု၏ထိုးစစ်ဆင်မှု၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နှင့် တိုက်ပွဲ ဆက်လက်ပြင်းထန်နေခြင်းကြောင့် စစ်ဘေးရှောင်ကာလကြာရှည်နေ၍ စားနပ်ရိက္ခာရရှိမှု ပိုခက်ခဲလာကြောင်း ဒေသခံစစ်ရှောင်များကပြောသည်။

မြဝတီတောင်ပိုင်းတွင် ဇန်နဝါရီလမှ ယခုဖေဖော်ဝါရီအထိ တိုက်ပွဲအရှိန်တိုးမြင့်ဖြစ်ပေါ်နေပြီး နေရပ်ရှောင်အရေအတွက်လည်း တရိပ်ရိပ်တက်လာသည်။

လေကြောင်းအန္တရာယ်နှင့်တိုက်ပွဲကြောင့် ပုံမှန်အသက်မွေးဝမ်းကြောင်းပြုနေသည့် အလုပ်အကိုင်များ ရပ်နားထားရသလို ကူညီထောက်ပံ့မှုလည်း ကာလရှည်ကြာပြတ်တောက်နေသဖြင့် ရပ်တည်မှုအခက်အခဲဖြစ်လာသည်ဟု စစ်ဘေးရှောင်များကပြောသည်။

“ကြာတော့ အလုပ်အကိုင် အဆင်မပြေတော့ဘူ။ ကူညီထောက်ပံ့မှုလည်း မလာတော့ဘူး။ အခက်အခဲတွေ အများကြီးရှိတယ်” ဟု လေးကေကော်တိုက်ပွဲ တကျော့ပြန်စချိန် ပြီးခဲ့သည့်နှစ်ကတည်းက စစ်ရှောင်နေရသူက ပြောသည်။

မြဝတီတောင်ပိုင်းတွင် စစ်ဘေးရှောင်နေရာ (၈) နေရာခန့်ရှိ၍ စစ်ဘေးရှောင်အများဆုံးရှိနေသည့် သောင်ရင်းမြစ်ဘေး ပလောတပို့စခန်း၊ သေ့ဘောဘိုးစခန်းတို့တွင်လည်း တိုက်ပွဲကြောင့် ယခုရက်ပိုင်းအတွင်း စစ်ဘေးရှောင်ဦးရေ ထောင်ချီရှိနေသည်။

ရိက္ခာပေးဝေမှု မရှိသလောက်နည်းလာချိန်တွင် စစ်ဘေးရှောင်အရေအတွက် တိုးလာ၍ လိုအပ်ချက်များပြားနေသော်လည်း အသက်ရှင်ရန်အဓိက ဆန်လိုအပ်သည်ဟု စစ်ဘေးရှောင်ကူညီနေသူများ ပြောသည်။

စစ်ဘေးရှောင်တာဝန်ရှိသူတစ်ဦးက “ကျနော်တို့နေရာမှာတော့ နောက်ထပ်စစ်ရှောင်လာတာ မိသားစု ၅၀၀ လောက်ရှိတယ်။ ကူညီထောက်ပံ့မှုကနည်းလာတော့ ဆန်ပေါ့ စားနပ်ရိက္ခာ အဓိကလိုအပ်နေ‌‌တယ်” ၎င်းက ကေအိုင်စီကိုပြောသည်။

စစ်အုပ်စု၏ထိုးစစ်ဆင်တိုက်ခိုက်မှုမှာ ဝေါလေ၊ ဖလူးနှင့်မင်းလက်ပံတို့တွင် အဓိကဖြစ်ပွားနေပြီး လက်နက်ကြီးနှင့် ဒရုန်းပစ်ခတ်မှုများအပြင် ဂျက်ဖိုက်တာအသုံးပြု၍ ဖျက်အားပြင်းဗုံးကြဲချ တိုက်ခိုက်မှုများလည်းလုပ်နေကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်က ပြောဆိုမှုရှိသည်။

ထောင်နှင့်ချီသော စစ်ဘေးရှောင်အရေအတွက်သည် မြဝတီတောင်ပိုင်းက စစ်ရှောင်နေရာများတွင်သာမက ထိုင်းနယ်စပ် သောင်ရင်းမြစ်တကြောတွင်လည်း ခိုလှုံနေပြီး ကမ်းကူးကာ ထိုင်းနိုင်ငံရှိ ကျေးရွာများထဲထိ သွားရောက်ရှောင်တိမ်းနေသူလည်း အများအပြားရှိကြောင်း နယ်စပ်သတင်းအရင်းအမြစ်မှ သိရသည်။

ကေအိုင်စီ