မြန်မာနိုင်ငံ စနစ်ဟောင်းပျက်ပြီး စနစ်သစ်မပေါ်သေးသည့် ကြားကာလကို ဖြတ်သန်းနေရဟု ထိုင်းပညာရှင်ဆို

By MPM 29 ဇွန်, 2026 👁

မြန်မာနိုင်ငံသည် လက်ရှိနိုင်ငံရေးစနစ်၏ တရားဝင်မှုနှင့် စုစည်းနိုင်စွမ်း ပျက်ယွင်းသွားသော်လည်း အားလုံးသဘောတူနိုင်မည့် အနာဂတ်နိုင်ငံရေးစနစ်သစ် မပေါ်ပေါက်သေးသည့် “ကြားကာလ” တခုကို ဖြတ်သန်းနေရကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှ ပညာရှင် ချာယန် ဝတ်ထနာဖူတီ (Chayan Vaddhanaphuti) က သုံးသပ်ပြောဆိုသည်။

Insight Myanmar Podcast နှင့် ဆွေးနွေးရာတွင် ချင်းမိုင်တက္ကသိုလ် (CMU) မှ ပါမောက္ခဖြစ်ပြီး လူမှုသိပ္ပံနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရေးဆိုင်ရာ ဒေသတွင်းစင်တာ (Regional Center for Social Science and Sustainable Development – RCSD) ၏ ဒါရိုက်တာလည်းဖြစ်သူ Chayan က “နောက်ခံအမျိုးမျိုးရှိတဲ့ လူတွေအကြား ဆွေးနွေးမှုတွေ လိုအပ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

၎င်းအဆိုအရ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတွင် နိုင်ငံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ စိန်ခေါ်မှုများသာမက အတွေးအခေါ်ပိုင်း၊ ပညာရပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုလည်း အရေးကြီးနေသည်။

RCSD သည် မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေးအတွေးအခေါ်နှင့် လူမှုနိုင်ငံရေးမူဘောင်များကို ဆွေးနွေးဖော်ထုတ်ရန် ကြိုးပမ်းနေသည့် ပလက်ဖောင်းတခုဖြစ်သည်။

Chayan ၏ အဓိကသုံးသပ်ချက်မှာ မြန်မာနိုင်ငံသည် “interregnum” ဟု ခေါ်သည့် ကြားကာလတခုထဲတွင် ရှိနေခြင်းဖြစ်သည်။

ထိုကာလသည် ရှိပြီးသား နိုင်ငံရေးစနစ်ဟောင်း၏ တရားဝင်မှုနှင့် စုစည်းနိုင်စွမ်း ပျက်ယွင်းသွားသော်လည်း အစားထိုးနိုင်မည့် စနစ်သစ်တခုကို အများသဘောတူညီမှုဖြင့် မတည်ဆောက်နိုင်သေးသည့် အချိန်ကာလဖြစ်သည်။

ယခုအခြေအနေသည် အတွေးအခေါ်ပိုင်း မရေရာမှုကြီးမားနေသည့် အချိန်လည်းဖြစ်သည်။

အမျိုးသားအထောက်အထားဆိုသည်မှာ ဘာလဲ၊ ဖက်ဒရယ်စနစ်ကို ဘယ်လိုတည်ဆောက်မလဲ၊ လူမျိုးစုများနှင့် နိုင်ငံသားအားလုံး မျှဝေယုံကြည်နိုင်သည့် တန်ဖိုးများမှာ ဘာတွေလဲ စသည့် အခြေခံမေးခွန်းများမှာ မဖြေရှင်းရသေးကြောင်း ၎င်းက ဆိုသည်။

ထိုမတည်ငြိမ်မှုသည် အန္တရာယ်ရှိသလို အခွင့်အလမ်းလည်း ရှိနေသည်။ အတွေးအခေါ်ပိုင်းနှင့် ပညာရပ်ပိုင်းဆိုင်ရာ အလုပ်များကို စနစ်တကျဆောင်ရွက်နိုင်ပါက ပိုမိုပါဝင်နိုင်သော နိုင်ငံရေးမူဘောင်တခု စတင်ပေါ်ပေါက်လာနိုင်သည်။

သို့သော် ထိုသို့မလုပ်နိုင်ပါက လူမျိုးရေးနှင့် နိုင်ငံရေးအပိုင်းပိုင်းကွဲမှုများ ပိုမိုနက်ရှိုင်းလာနိုင်ကြောင်း Chayan က သုံးသပ်သည်။

RCSD ၏ လုပ်ငန်းတာဝန်မှာ အရှေ့တောင်အာရှကုန်းတွင်းပိုင်းဒေသအတွင်း လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုများကို ဝေဖန်ပိုင်းခြားလေ့လာရန်ဖြစ်သည်။

ထိုဒေသဆိုင်ရာ မူဘောင်အတွင်း မြန်မာနိုင်ငံသည် အထူးအရေးကြီးသည့် အာရုံစိုက်ရာနေရာတခု ဖြစ်လာခဲ့သည်။

အကြောင်းမှာ ပြီးခဲ့သည့် နှစ် ၂၀ ခန့်အတွင်း မြန်မာနိုင်ငံသည် ကြီးမားသည့် ပြောင်းလဲမှုများကို ဖြတ်သန်းခဲ့ပြီး အထူးသဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း အကျပ်အတည်းများ ပိုမိုပြင်းထန်လာခဲ့ခြင်းကြောင့် ဖြစ်သည်။

RCSD သည် စစ်အာဏာသိမ်းမှုမတိုင်မီကတည်းက မြန်မာနိုင်ငံဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ လုပ်ဆောင်လာခဲ့သည်။

မြေယာ၊ ပညာရေးနှင့် လူမှုရေးပြောင်းလဲမှုများကို လေ့လာဆွေးနွေးနိုင်ရန် သတင်းသမားများ၊ လှုပ်ရှားသူများနှင့် သုတေသီများကို စုစည်းပေးခဲ့သည်။

ထိုအစောပိုင်းကြိုးပမ်းမှုများသည် မြန်မာနိုင်ငံအတွင်း လုပ်ကိုင်နေသူများက မိမိတို့နိုင်ငံ၏ ပြောင်းလဲမှုများကို ကိုယ်တိုင်ခွဲခြမ်းစိတ်ဖြာနိုင်ရန် ပူးပေါင်းဆောင်ရွက်နိုင်သည့် နေရာများ ဖန်တီးပေးရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

ယခင်နှစ်များအတွင်း RCSD သည် မန္တလေးတက္ကသိုလ်နှင့် ပူးပေါင်းကာ ဆရာ၊ ဆရာမများ၏ သုတေသနစွမ်းရည်မြှင့်တင်ရေးကို ကူညီခဲ့သည်။

မြန်မာနိုင်ငံအထက်ပိုင်းရှိ မြေသိမ်းယာသိမ်းပြဿနာများ၊ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ သီလရှင်ဘဝသို့ ဝင်ရောက်လာသည့် မိန်းကလေးငယ်များ၏ ပညာရေး၊ စိုက်ပျိုးရေးအသိုင်းအဝိုင်းများအတွင်း ရိုးရာနှင့် ခေတ်မီမှုအကြား တင်းမာမှုများ စသည့် အကြောင်းအရာများအပေါ် သုတေသနလုပ်ငန်းများကို ထောက်ပံ့ခဲ့သည်။

ထို့အပြင် RCSD သည် ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံကို အဓိကထားသော ညီလာခံများကို ပုံမှန်ကျင်းပခဲ့သည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင်လည်း ထိုင်းနိုင်ငံအတွင်း scholar-at-risk fellowship ဟု ခေါ်သည့် အန္တရာယ်ကြုံနေရသော ပညာရှင်များအတွက် ပညာသင်ထောက်ပံ့ရေးအစီအစဉ်ကို စတင်ခဲ့သည်။

ထိုအစီအစဉ်မှတဆင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဆက်စပ်နေသော သတင်းသမားများ၊ အနုပညာရှင်များနှင့် သုတေသီများကို ထောက်ပံ့ပေးနေသည်။

အချုပ်အားဖြင့် RCSD သည် လုံခြုံရေးအန္တရာယ်ကြီးမားနေသည့် အချိန်ကာလတွင် ပညာရေးနှင့် ဆွေးနွေးရေးအတွက် ဆိုင်ရာအတိုင်းအတာတခုအထိ လုံခြုံသော ပညာရပ်ပလက်ဖောင်းတခုအဖြစ် လုပ်ဆောင်နေသည်။

ပါမောက္ခ Chayan က ယင်းကူညီထောက်ပံ့မှုများသည် အရေးပေါ်လိုအပ်နေသည်ဟု သုံးသပ်သည်။ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် လူငယ်အများအပြားသည် မရေရာသည့် အခြေအနေတခုထဲတွင် ပိတ်မိနေကြသည်။

တရားဝင်စာရွက်စာတမ်းများ မရှိသဖြင့် ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်မရှိသလို မြန်မာနိုင်ငံသို့ ပြန်သွားပါက ဖမ်းဆီးခံရခြင်း သို့မဟုတ် နှိပ်စက်ညှဉ်းပန်းခံရခြင်းများ ကြုံနိုင်သည်။

ထိုလူငယ်အချို့သည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) တွင် ပါဝင်ခဲ့သူများဖြစ်သည်။

ယင်းလှုပ်ရှားမှုသည် စစ်အုပ်ချုပ်ရေးအောက်တွင် အလုပ်မလုပ်ရန် အစိုးရဝန်ထမ်းများနှင့် ပညာရှင်များက တနိုင်ငံလုံးအတိုင်းအတာဖြင့် ငြင်းဆန်ခဲ့သည့် လှုပ်ရှားမှုဖြစ်သည်။

ထိုလူငယ်များအတွက် ပညာဆက်လက်သင်ယူနိုင်သည့် အခွင့်အလမ်းများ ပိတ်ဆို့ခံရနိုင်သည်ဟု Chayan က သတိပေးသည်။

၎င်းအမြင်အရ ထိုဆုံးရှုံးမှုသည် မြန်မာနိုင်ငံတခုတည်းကိုသာ ထိခိုက်မည်မဟုတ်ပါ။

ထိုင်းနိုင်ငံသည် လူဦးရေအိုမင်းလာသည့် အခြေအနေကို ရင်ဆိုင်နေရပြီး စိုက်ပျိုးရေး၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများတွင် ရွှေ့ပြောင်းအလုပ်သမားအင်အားအပေါ် ပိုမိုမှီခိုလာနေရသည်။

ထို့ကြောင့် အားနည်းသွားသော မြန်မာနိုင်ငံသည် ဒေသတခုလုံးအပေါ် သက်ရောက်မှုရှိလာမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ပါမောက္ခ Chayan ၏ သုံးသပ်ချက်အရ မြန်မာလူငယ်များ၏ ပညာရေးကို ထောက်ပံ့ခြင်းသည် သဒ္ဓါတရားအရ လှူဒါန်းကူညီခြင်းမျိုးသာ မဟုတ်ပါ။

၎င်းသည် ရေရှည်ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုတခုဖြစ်ပြီး မြန်မာနိုင်ငံ၏ အနာဂတ်သာမက ထိုင်းနိုင်ငံနှင့် အရှေ့တောင်အာရှဒေသ၏ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အရေးကြီးသည့် ရင်းနှီးမြှုပ်နှံမှုတခုဖြစ်ကြောင်း ၎င်းက ပြောဆိုထားသည်။

မဇ္ဈိမ