မြင်းခြံမြို့ပေါ်တွင် သင်္ကြန်ကာလအပြီး စစ်အုပ်စုတပ်က နေအိမ်များထိ တပ်သားစုဆောင်း

By MPM 21 ဧပြီ, 2026 👁 2

မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် သင်္ကြန်ကာလအပြီး ဧပြီလ ၁၈ ရက်ကစ၍ ပျူစောထီးအပါအဝင် စစ်အုပ်စုတပ်က နေအိမ်များအထိ လူငယ်အမျိုးသားများကို တပ်သားစုဆောင်းရန် ဖမ်းဆီးနေကြောင်း ဒေသခံများထံက သိရသည်။

ယခင်က စစ်မှုထမ်းတပ်သားစုဆောင်းရန် လမ်းသွားလမ်းလာများကိုသာ ဖမ်းဆီးမှုမျိုးရှိသော်လည်း လက်ရှိတွင်မူ မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်၊ ခြံဝင်းများအထိပါ ဖမ်းဆီးလာခြင်းကြောင့် ဧပြီလ ၁၈ ရက်မှ ဧပြီလ ၁၉ ရက်အထိ နှစ်ရက်အတွင်း ဖမ်းဆီးခံရသူ အသက် ၁၈ နှစ်အထက် လူငယ်ရှစ်ဦးရှိကြောင်း မြင်းခြံမြို့သတင်းအရင်းမြစ်က မဇ္ဈိမသို့ ပြောသည်။

“အိမ်ဝိုင်းတွေထဲထိ ဝင်ဆွဲတာ။ အမှတ် (၃)၊ အမှတ် (၁၁) ရပ်ကွက်က အိမ်တွေထဲ ဝင်ဆွဲတာ။ဖမ်းတာက စာရင်းထဲပါတဲ့သူတွေ၊ မဲပေါက်တဲ့သူတွေပေါ့။ အခုတောင်ကျန်တဲ့ကောင်လေးတွေ အိမ်တွေကနေ အကုန်ပြေးကြပြီ” ဟု ၎င်းက ဆိုသည်။

လာရောက်ဖမ်းဆီးခေါ်ဆောင်ရာတွင်လည်း ပျူစောထီးခေါင်းဆောင် သီတာယုမွန်လက်အောက်ခံ ပျူစောထီးများကဦးဆောင်ပြီး စစ်သားအနည်းငယ်ဖြင့်အဖွဲ့လိုက်ဖြင့် ဖမ်းဆီးနေပြီး လာရောက်ရှာဖွေသည့် လူငယ်မရှိပါက မိသားစုဝင်များကို ခြိမ်းခြောက်အကျပ်ကိုင်မှုများ ပြုလုပ်ကြောင်းသိရသည်။

“ပျူတွေများတယ် စစ်တပ်နည်းတယ် အဖွဲ့လိုက်ဆွဲတာ၊ အရင်ကအဲ့လောက်မဆိုးဘူး အရင်က လမ်းမှာပဲဆွဲတာ။ အခုက မနက်ပိုင်းတွေပါဝင်ဆွဲတာ မမိရင် ဘယ်လူ့ဆွဲမယ် ဘာညာခြိမ်းခြောက်သေးတယ်။ မိဘတွေပါ ခြိမ်းခြောက်တာ သူ့မမိရင် ကျန်တဲ့မိသားစုဝင်တွေဆွဲမယ်၊ ရှိတဲ့သူဆွဲမယ်ဆိုပြီး ပြောသွားတယ်” ဟု ဒေသခံတဦးက မဇ္ဈိမသို့ပြောသည်။

လတ်တလောတွင် ပျူစောထီးနှင့်စစ်အုပ်စုတပ်သားများသည် မြင်းခြံမြို့ပေါ်တွင် တပ်သားစုဆောင်းခြင်းများ ပြုလုပ်နေပြီး တဖက်မှာလည်း မြင်းခြံမြို့ပြင်ကျေးရွာများဖြစ်သည့် ထိန်ပန်း၊ ရွာသစ်၊ တူရွင်းဘို့ရွာများကို မီးရှို့ခြင်း၊ ဟောင်ဝှစ်ဇာများဖြင့် ပစ်ခတ်ခြင်းများပြုလုပ်နေကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီအဖွဲ့ထံက သိရသည်။

ဒေသခံများ၏အဆိုအရ မြင်းခြံမြို့နယ်တွင် မြို့ပေါ်နေထိုင်သူများမှာ ပျူစောထီး၊ စစ်အုပ်စုတပ်သားများ၏ ငွေညှစ်ခြိမ်းခြောက်မှုများ၊ စစ်မှုထမ်းစုဆောင်းမည့်ရန်ကို ကြောက်နေရခြင်းကြောင့် ပြည်ပနှင့်နယ်စပ်နိုင်ငံများသို့ အုံလိုက်ကျင်းလိုက် ထွက်ပြေးနေကြပြီး ကျေးရွာနေဒေသခံများမှာ စစ်ကြောင်းရန်ကြောင့် ရွာထဲတွင်မနေထိုင်ရဲကြဘဲ ရာသီဥတုပူပြင်းဆုံးအချိန်ဖြစ်နေသော်လည်း ကွင်းပြင်၊ လယ်ကွင်းများသို့ တိမ်းရှောင်ခိုလှုံနေရသည်။

စစ်အုပ်စုတပ်သည် စစ်မှုထမ်းအတွက် ၂၀၂၄ ခုနှစ်ဧပြီလမှစ၍ တပ်သားစုဆောင်းခြင်းများပြုလုပ်ခဲ့ရာ လက်ရှိ ၂၀၂၆ ခုနှစ် ဧပြီလတွင် အပတ်စဉ် (၂၄) အထိ ရှိလာပြီဖြစ်သည်။

မဇ္ဈိမ